ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှု တားဆီးရေးဆိုင်ရာ စည်းမျဉ်းအသစ်များ ထုတ်ပြန်ချိန် မတိုင်မီကာလ၌ ၎င်းစည်းမျဉ်းများနှင့် လိုက်လျောညီထွေရှိမှုကို မြှင့်တင်ရန်ကြိုးပမ်းမှုအဖြစ် မလေးရှားနိုင်ငံသည် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များဖြင့် ထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိသည့် ရော်ဘာတန်ချိန် ၂၀၀ ကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဥရောပသမဂ္ဂသို့ ပထမဆုံးအကြိမ် စတင်တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ဥရောပသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်း အသစ်ချမှတ်မှုသည် သစ်တောပြုန်းတီးမှုနှင့် ဆက်နွယ်လျက်ရှိသော ကုန်ထုတ်လုပ်မှုကွင်းဆက်မှ ထုတ်ကုန်များအား တင်သွင်းခွင့်မပြုပဲ တားမြစ်ပိတ်ပင်မည်ဖြစ်ရာ မလေးရှားနိုင်ငံအနေဖြင့် ပို့ကုန်ဆိုင်ရာဖိအားများနှင့် ကြုံတွေ့နေရသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းအသစ်များကို မူလက ယခုဒီဇင်ဘာလမှ စတင်သက်ရောက်မှုရှိစေရန် စီစဉ်ထားရှိခဲ့ရာမှ ဥရောပသမဂ္ဂက ၁ နှစ်ကြာကာလ ဆိုင်းငံ့ပေးခဲ့ခြင်းဖြစ်သည်။
မလေးရှား ဥယျာဉ်ခြံလုပ်ငန်းနှင့် ကုန်စည်များရေးရာဝန်ကြီး Johari Abdul Ghani က မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီ ၂ ခုသည် စလိုဗက်ကီးယားနှင့် နယ်သာလန်သို့ ရေရှည်တည်တံ့ သော ထုတ်လုပ်မှု အသိအမှတ်ပြုလက်မှတ်ရ ရော်ဘာ (sustainably certified rubber) တန် ၁၀၀ စီကို တင်ပို့ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီ ၂ ခုလုံးသည် ၎င်းတို့၏ ကုန်ကြမ်းများကို မလေးရှား ရေရှည်တည်တံ့သော သဘာဝရော်ဘာ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှု စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဒေသခံခြံလုပ်ငန်းရှင်များနှင့် လုပ်ကွက်ငယ် တောင်သူ များထံမှ ၁၀၀ ရာခိုင်နှုန်းပြည့် ရယူလုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ယခုလုပ်ဆောင်ချက်သည် ဥရောပ သမဂ္ဂ၏ မူဝါဒ စတင်သက်ရောက်မှုမရှိမီ အချိန်၌ပင် နိုင်ငံတကာ ရေရှည်တည်တံ့စွာ ကုန်ထုတ်လုပ်မှု အလေ့အထများနှင့်အညီ လိုက်ပါဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ ကတိကဝတ်ထားရှိမှု ကို သရုပ်ဖော်ပြသလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှု တားဆီးရေးဆိုင်ရာ စည်းမျဉ်းအသစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်မှုသည် ၎င်းတို့အပေါ် ခွဲခြားဆက်ဆံမှု ပြုလုပ်ခြင်းသာဖြစ်သည်ဟု မလေးရှားနိုင်ငံနှင့် ၎င်း၏အိမ်နီးချင်းဖြစ်သော ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီထုတ်လုပ်တင်ပို့သူ အင်ဒိုနီးရှားနိုင်ငံတို့က တစိုက်မတ်မတ် ဝေဖန်ပြောဆိုလျက်ရှိခဲ့ကြသည်။ ယင်းနှစ်နိုင်ငံရှိ စားအုန်းဆီ အသင်းအဖွဲ့များကမူ ဥရောပသမဂ္ဂ၏ မူဝါဒ အကောင်အထည်ဖော်မှုအား ဆိုင်းငံ့ပေးခြင်းမှာ ကုန်ထုတ်လုပ်မှုကွင်းဆက်၌ စည်းမျဉ်းအသစ်များနှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရန် အချိန်ပိုမို ရရှိစေသဖြင့် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
Source: Business Times, 12 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)