ယခုနှစ်တွင် ကော်ဖီဈေးနှုန်းများပျမ်းမျှ ၅၀%ကျော်မြင့်တက်ခဲ့သောကြောင့် ဗီယက်နမ်သည် ကော်ဖီတင်ပို့မှုမှတစ်ဆင့် ပထမဆုံးအနေနှင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ငွေရရှိနိုင်ကြောင်းသိရပါသည်။ ဗီယက်နမ်ကော်ဖီနှင့်ကိုကိုးအသင်း(VICOFA)၏ ဒုတိယ ဥက္ကဌဖြစ်သူ Do Ha Nam က ဗီယက်နမ်ကော်ဖီဈေးနှုန်းများသည် ပထမဆုံးအနေနှင့် ကမ္ဘာ့အမြင့်ဆုံးသို့ ရောက်ရှိခဲ့သောကြောင့် ယခုနှစ်သည်ကော်ဖီလုပ်ငန်းအတွက် အထူးကောင်းမွန်သောနှစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်၏အစမှစ၍ ဗီယက်နမ်၏ကော်ဖီတင်ပို့သည့် ဈေးနှုန်းများသည် စဉ်ဆက်မပြတ်မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဇန်နဝါရီလတွင် ဈေးနှုန်းသည် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀၀သာရှိသော်လည်း အောက်တိုဘာလတွင် တစ်တန်ကို အမေရိကန် ဒေါ်လာ ၅၈၅၅ ထိ ၉၀ ရာခိုင်နှုန်းမြင့်တက်သွားကြောင်းသိရပါသည်။ ၂၀၂၄ ပထမ ၁၁ လအတွင်း ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်ကိုအမေရိကန်ဒေါ်လာ ၄၀၃၇ ရှိပြီး ၂၀၂၃ တူညီသည့် ကာလထက် ၅၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အဆိုအရသိရပါသည်။ ယခုနှစ်ပထမ ၁၁ လတာကာလအတွင်း ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၂ သန်းနီးပါးတင်ပို့ရာမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၈၄ ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏ တွင် ၁၅.၄ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဝင်ငွေရရှိမှုတွင် ၃၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့သည် ဗီယက်နမ်ကော်ဖီအတွက် အကြီးမားဆုံး ဈေးကွက် ၃ ခုဖြစ်ကြောင်းသိရပါသည်။ ထိပ်ဆုံးဈေးကွက် ၁၅ ခုသို့တင်ပို့မှုကြီးထွားခဲ့ပြီး မလေးရှား နှင့် ဖိလစ်ပိုင်သို့တင်ပို့မှုမှာ ၂ ဆနီးပါးဖြင့် သိသာစွာမြင့်တက်ခဲ့ကြောင်းသိရပါသည်။ VICOFA က ကော်ဖီရိတ်သိမ်းရာသီသစ်သည် နိုဝင်ဘာလတွင်စတင်မည်ဖြစ်ပြီး ထိုရာသီ၏ ထုတ်လုပ်မှုသည် တန်ချိန် ၁.၆ သန်း ပတ်ချာလည်ရောက်ရှိရန် မျှော်လင့်ရကြောင်း သိရပါသည်။ ပြည်တွင်း ကော်ဖီစားသုံးမှုမှာ တန်ချိန် ၂၇၀၀၀၀ နှင့် ၃၀၀၀၀၀ ကြားရှိမည်ဟုခန့်မှန်းရပြီး ပြည်တွင်း ဝယ်လိုအားမြင့်တက်ခြင်းနှင့် ထုတ်လုပ်မှုနည်းပါးခြင်းတို့သည် တင်ပို့ရန်အတွက် ကုန်ကြမ်းပစ္စည်းပံ့ပိုးမှုကို သိသိသာသာသက်ရောက်စေကြောင်းသိရပါသည်။ တစ်ချိန်တည်း မှာပင် ကမ္ဘာ့ အကြီးမားဆုံးကော်ဖီထုတ်လုပ်သူဖြစ်သည့် ဘရာဇီးသည် ၎င်းတို့၏ရိတ်သိမ်းရာသီ ပြီးဆုံး သွားပြီဖြစ်ပြီး စိုက်ပျိုးသူများက နောက်ရာသီအထွက်နှုန်းကိုစောင့်ကြည့်နေသောကြောင့် လတ်တလောတွင်ရောင်းချရန်တွန့်ဆုတ်နေကြောင်းသိရပါသည်။ထို့ကြောင့် ကမ္ဘာ့ကော်ဖီဈေးကွက် သည် ယခုမှစ၍ ၂၀၂၅ ခုနှစ်ပထမ ၃ လပတ်တာကာလအထိ ကမ္ဘာ့မြောက်ပိုင်းရှိ ကော်ဖီထုတ်လုပ်သည့်နိုင်ငံများ အထူးသဖြင့် ဗီယက်နမ်အပေါ်မီခိုနေကြောင်းသိရပါသည်။ ရလဒ်အနေဖြင့် ဗီယက်နမ်ပြည်တွင်းကော်ဖီဈေးနှုန်းများမှာ အတက်ဘက်သို့ဆက်လက်ဦးတည် နေကြောင်းသိရပါသည်။ ထို့ပြင် နိုင်ငံ၏ကော်ဖီစိုက်ပျိုးရာအချက်အချာ ဗဟိုတောင်ပေါ်ဒေသမှ စိုက်ပျိုးရေးသမားများသည် ဒူးရင်းနှင့်ငရုတ်ကောင်းကဲ့သို့သော အခြားဈေးနှုန်းမြင့်မားသည့် ထုတ်ကုန်များထံမှ ကောင်းမွန်သောဝင်ငွေရရှိနေသဖြင့် ရောင်းချရန်အလျင်လိုခြင်းမရှိကြောင်း သိရပါသည်။ VICOFA သည် ၂၀၂၄-၂၀၂၄ ကောက်ရိတ်သိမ်းရာသီသစ်မှ ပံ့ပိုးမှုမြင့်တက် လာခြင်းနှင့် မြင့်မားသည့်ပို့ကုန်ဈေးနှုန်းများကျေးဇူးကြောင့် ဗီယက်နမ်ကော်ဖီတင်ပို့ရန်အတွက် များစွာသောအခွင့်အရေးများရှိနေသည်ဟု ယုံကြည်ချက်ရှိနေကြောင်းနှင့် ယခုနှစ်အတွက် ကော်ဖီတင်ပို့မှုမှတစ်ဆင့် စံချိန်တင် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံဝင်ငွေရရှိရန် ခန့်မှန်းကြကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)