Main menu

အိန္ဒိယဈေးကွက်၌ မြန်မာဘက်မှ သီးနှံအသစ်ဝင်ရောက်ချိန်အထိ မတ်ပဲဈေးကောင်းနိုင်ဖွယ်ရှိ

Powered by Drupal

     အိန္ဒိယနိုင်ငံ၌ တမီနာဒူပြည်နယ်နှင့် အန္တရာပရာ‌ဒေ့ရှ်ပြည်နယ်တို့တွင် မတ်ပဲသီးနှံစိုက်ဧကများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် မတ်ပဲဈေးနှုန်းများ မြင့်တက်လာခဲ့‌ပါသည်။ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်မှ သီးနှံအသစ်များဝင်ရောက်လာချိန်အထိ ဈေးကွက်၌ မတ်ပဲများ ဈေးကောင်းရ ရှိလျက် မတ်ပဲကုန်သွယ်မှုကို အားကောင်းစေမည့် အခြေခံအကြောင်းတရားများ ဖြစ်ပေါ်စေလျက် ရှိသည်ဟု အိန္ဒိယကုန်သည်များက ပြောဆိုကြသည်။

     အိန္ဒိယနိုင်ငံ တမီနာဒူပြည်နယ်တွင် Fengal ဆိုင်ကလုံးမုန်တိုင်းနှင့် ၎င်း၏နောက်၌ ဆက် လက်ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်း မှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး မတ်ပဲစိုက်ပျိုးမှာ ထိခိုက်မှုရှိခဲ့ကြောင်း၊ အန္တရာပရာ‌ဒေ့ရှ် ပြည်နယ်တွင်လည်း အဝါ‌ရောင်မိုစေ့ ဗိုင်းရပ်စ်ပိုး (yellow mosaic virus) ကျရောက်မှုကြောင့် မတ်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါသည်။

     တမီနာဒူပြည်နယ်၊ ချင်နိုင်းမြို့ အခြေစိုက် Four P International ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ B Krishnamurthy က ပြည်နယ်အတွင်းရှိ Villupuram ဒေသတွင် မတ်ပဲစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့ပြီး အန္တရာပရာ‌ဒေ့ရှ်ပြည်နယ် Ongole ဒေသမှ သိရှိရသည့် သတင်းများအရလည်း မတ်ပဲစိုက်ပျိုးထားရှိမှု  အခြေအနေ ကောင်းမွန်ခြင်းမရှိကြောင်း ပြောဆိုခဲ့ပါသည်။

     ကာနာတကာပြည်နယ် အရှေ့မြောက်ပိုင်းဒေသများတွင် မတ်ပဲသီးနှံရိတ်သိမ်းနေချိန် ကာလအတွင်း တစ်လတာနီးပါးခန့် မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် သီးနှံအရည်အသွေး ထိခိုက်ပျက်စီးပြီး အထွက်ပါ လျော့ကျခဲ့ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရည်မှန်းထား သော အထွက်ပမာဏ၏ ၂၀ ရာခိုင်နှုန်းခန့် ရရှိနိုင်ရန်ပင် ခက်ခဲကြောင်း၊ ထို့အပြင် မတ်ပဲများ ပျက်စီးဆုံးရှုံးမှုနှင့် နှိုင်းယှဉ်ပါက ပမာဏနည်းပါးသော်လည်း  ပဲတီစိမ်း စိုက်ပျိုးမှုသည်လည်း မိုးအလွန်အမင်းရွာသွန်းမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရကြောင်းဖြင့် အဆိုပါပြည်နယ်ရှိ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ Basavaraj Ingin က ပြောကြားခဲ့သည်။

    အိန္ဒိယ၏ ယခုနှစ် မိုးသီးနှံရာသီ၌ မတ်ပဲစိုက်ပျိုးမှုဧရိယာမှာ ဟက်တာပေါင်း ၃၀ သိန်း ရှိပြီး ယခင်နှစ် စိုက်ပျိုးနိုင်မှု ဟက်တာ ၃၂.၆၀ သိန်းအောက်သို့ လျော့ကျခဲ့သည်။ မတ်ပဲ စိုက်ပျိုးရာ ပြည်နယ်အများအပြားတွင် စိုက်ဧကလျော့ကျမှုနှင့်အတူ ရာသီဥတုဆိုးရွားမှုကြောင့် သီးနှံ အရည် အသွေးထိခိုက်ပျက်စီးမှုသာမက အထွက်ပမာဏ လျော့ကျခဲ့ကြောင်း၊ အိန္ဒိယ စိုက်ပျိုး‌ရေးနှင့် လယ်သမားများ သက်သာချောင်ချိရေးဝန်ကြီးဌာနက မိုးရာသီ မတ်ပဲသီးနှံ စိုက်ပျိုးမှုမှာ ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၁၆.၀၄ သိန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၁၂.၀၉ သိန်းခန့်သာ ထွက်ရှိမည်ဟု ၂၅ ရာခိုင်နှုန်းအထိ လျှော့ချလျက် ပထမအကြိမ်  ကနဦးခန့်မှန်းထားကြောင်း သိရပါသည်။

     အဆိုပါ ဝန်ကြီးဌာန၏ သတင်းအချက်အလက်စင်္ကြန်ဖြစ်သော Agmarknet portal တွင် သီးနှံများ ထိခိုက်ပျက်စီးမှု၏ ရလဒ်အားဖြင့် မတ်ပဲဈေးနှုန်းသည် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ယခင်လ၌ ရူပီးငွေ ၇၄၀၀ နှုန်းရှိရာမှ ၈၁၀၀ နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

    ကမ္ဘာ့ဈေးကွက်တွင် မြန်မာနိုင်ငံမှ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများသို့ တင်ပို့သည့် မတ်ပဲ ပို့ကုန်များကို တစ်တန်လျှင် ဒေါ်လာ ၁၀ မှ ၂၀ အတွင်း ဈေးနှုန်း တိုးမြှင့်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အချက်အလက်များအရ ၁၇-၁၂-၂၀၂၄ ရက်နေ့ရှိ ၂၀၂၃-၂၄ ခုနှစ်ထွက် မတ်ပဲသီးနှံ အခွံချွတ် အလုံး/ အခြမ်း (SQ)၏ သင်္ဘောပေါ်အရောက် FOB တစ်တန် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၀၈၅ မှ ၁၁၀၅ အတွင်းရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

    တဲလန်ဂါနာပြည်နယ်တွင်မူ မတ်ပဲသီးနှံများမှာ အထွက်ကောင်းမွန်ပြီး အနည်းဆုံး တန်ချိန် ၆ သောင်းခန့် ထွက်ရှိနိုင်ကြောင်း၊ အခြားသတင်းကောင်းတစ်ရပ်မှာ မြန်မာနိုင်ငံ၌ နိုဝင်ဘာလတွင် စိုက်ပျိုးထားသော မတ်ပဲသီးနှံများမှာ အခြေအနေကောင်းမွန်မှုရှိပြီး တန်ချိန် ၁ သန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ မြန်မာမတ်ပဲများသည် ဖေဖော်ဝါရီလကုန်-မတ်လဆန်းပိုင်း၌ အိန္ဒိယ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံသည် ယခုနှစ်အတွင်း မတ်ပဲတန်ချိန် ၅ သောင်းခန့်ကို အိန္ဒိယသို့ တင်ပို့ခဲ့ပြီး ရှေ့နှစ်တွင် တန်ချိန် ၁ သိန်း ၅ သောင်းခန့်အထိ မြင့်တက် လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ အလားတူ ရုရှားနိုင်ငံသည်လည်း အိန္ဒိယသို့ မတ်ပဲတင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း Mr. Krishnamurthy က ပြောဆိုပါသည်။

     အိန္ဒိယနိုင်ငံအနေဖြင့် လစဉ် မတ်ပဲတန်ချိန် ၂.၅ သိန်းခန့် လိုအပ်မှုရှိပြီး လာမည့်နှစ် မိုးသီးနှံရာသီမှ ထွက်ရှိမည့်မတ်ပဲများ ဈေးကွက်ဝင်ရောက်ချိန် အောက်တိုဘာလမတိုင်ခင်အထိ တန်ချိန် ၂၅ သိန်းခန့် လိုအပ်သဖြင့် ထပ်မံဖြည့်ဆည်းရန် လိုအပ်ချက်မှာ တန်ချိန် ၁၆ သိန်း အထက်ရှိကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 17 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)