ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းသစ်များ ရှာဖွေရန် ကြိုးပမ်းနေချိန်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေမည့် အခွင့်အလမ်းများကို ဖော်ထုတ်ခဲ့နိုင်ပြီး အထူးသဖြင့် စိုက်ပျိုး ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာ ၉ ရက်နေ့၌ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရိယာဒ်မြို့၌ ရောက်ရှိနေသော ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ Mr Hun Sen နှင့် ဆော်ဒီအာရေဗျ နိုင်ငံတော် အကြံပေး ညီလာခံဥက္ကဋ္ဌ Abdullah Mohammed Ibrahim Al-Sheikh တို့သည် အဆိုပါ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် အလားအလာရှိသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန်နှင့် အထူးသဖြင့် ပြည်သူ အချင်းချင်း ရင်းနှီးချစ်ကြည်ရေး၊ ခရီးသွားလုပ်ငန်းနှင့် အားကစားအပြင် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် လာရောက်ရခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ Mr Hun Sen က ပြော ကြားခဲ့ပါသည်။
ကမ္ဘောဒီးယားသည် ဆန်ထုတ်လုပ်မှုနှင့် ဆန်ပိုလျှံမှု ကြွယ်ဝပြီး ပြည်ပသို့ တင်ပို့လျက်ရှိရာ အထူးသဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ပိုမိုကောင်းမွန်သော ဆည်မြောင်းစနစ်ကို ပိုင်ဆိုင်ထားရှိသဖြင့် နှစ်နိုင်ငံအနေဖြင့် ဆန်တင်ပို့ခြင်းဖြင့် အဓိကနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို စတင်သင့်ကြောင်းဖြင့် Mr Hun Sen က အဆိုပါ တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
ထို့အပြင် ဆော်ဒီအာရေဗျနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများသို့ ဆန်တင်ပို့နိုင်ရေးအတွက် ကမ္ဘောဒီးယားတွင် ဆန်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းများအား တည်ထောင် ဆောင်ရွက်မှုများ၌ ဆော်ဒီအာရေဗျလုပ်ငန်းရှင်များက လာရောက်ရင်းနှီးမြှုပ်နှံစေရေး တွန်းအား ပေး ဆောင်ရွက်ပေးရန် အတိုင်ပင်ခံလွှတ်တော် ဥက္ကဋ္ဌအား Mr Hun Sen က တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပြုထားသော သဘောတူညီချက်သည် ကမ္ဘောဒီးယားဆန်ကို ဆော်ဒီအာရေဗျနိုင်ငံ ဈေးကွက်သို့ တင်ပို့နိုင်ရန် ရည်ရွယ်ပြီး ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန်တင်ပို့မှုကို သိသာစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) သည် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိက ဒေသတို့တွင် ဆန်ဈေးကွက်ကို ချဲ့ထွင်ခဲ့ပြီး အလားအလာရှိသော ဝယ်လက်များထံမှ သိသာ ထင်ရှားသော စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။ ကမ္ဘောဒီးယားအစိုးရ၏ ဒေသအသစ်များသို့ ဆန် တင်ပို့မှု ဈေးကွက်ချဲ့ထွင်ရေး စီမံဆောင်ရွက်မှုနှင့်အညီ CRF သည် ဆော်ဒီအာရေဗျနိုင်ငံ၌ မေလ တွင် ကျင်းပသည့် ဆော်ဒီအစားအစာကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။
အရှေ့အလယ်ပိုင်းဒေသ၌ အကြီးမားဆုံးနိုင်ငံဖြစ်သော ဆော်ဒီအာရေဗျ၏ စီးပွားရေးသည် သိသာထင်ရှားစွာ တိုးတက်မှုရှိပြီး ကမ္ဘောဒီးယားဆန်အတွက် အလားအလာရှိသော ဈေးကွက် တစ်ခုဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများအတွက် စျေးကွက်ချဲ့ထွင်ရာတွင် ဆော်ဒီအာရေဗျနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း CRF က ပြောကြားခဲ့ ပါသည်။
ကမ္ဘောဒီးယား-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၁ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၂၆ သန်းရှိပြီး ၂၀၂၀ ခုနှစ်၌ ရရှိခဲ့သော ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၉ သန်းနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရပါသည်။
Source: Khmer Times, 11 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)