ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကော်ဖီထွက်ရှိမှု ပြန်လည်ကောင်းမွန်လာခြင်း ကြောင့် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် သိသာစွာ တိုးတက်လာ မည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ တစ်နှစ် နှစ်ကြိမ်ထုတ်ဝေသည့် နောက် ဆုံးထုတ် အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။
ပြီးခဲ့သည့် စိုက်ပျိုးရာသီနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၆၀ ကီလိုဂရမ်ဝင် ကော်ဖီအိတ် အရေအတွက်အားဖြင့် အိတ် ၆.၉ သန်းပိုမိုလျက် အိတ်ပေါင်း ၁၇၄.၇ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သို့ရာတွင် ကော်ဖီသောက်သုံးမှု မြင့်တက်နေသည့်အတွက် နှစ်ကုန် ကော်ဖီသိုလှောင်မှုလက်ကျန် ပမာဏများ ဆက်လက်ကျဆင်းနိုင်ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးကော်ဖီထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် တွင် စံချိန်တင်ထွက်ရှိခဲ့သည့် အထွက်ပမာဏအောက် လျော့နည်းမည်ဖြစ်သော်လည်း ၎င်း၏ ထုတ်လုပ်မှုကို ကော်ဖီအိတ် ၂.၆ သန်း ပိုမိုတိုးမြှင့်လျက် ၆၀ ကီလိုဂရမ်ဝင် အိတ်ပေါင်း ၃၀.၁ သန်းအထိ ထုတ်လုပ်နိုင်ဖွယ်ရှိသည်။ ဗီယက်နမ်၏ ပြည်ပသို့ ကော်ဖီစေ့တင်ပို့မှုမှာလည်း အိတ် ၁.၈ သန်း ပြန်လည်တိုးတက်လျက် စုစုပေါင်းအိတ် ၂၄.၄ သန်းအထိ မြင့်တက်နိုင်ကြောင်း သိရှိ ရပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အာရေဗီးကားနှင့် ရိုဘတ်စတာ ကော်ဖီနှစ်မျိုးပေါင်း ရိတ်သိမ်းထွက် ရှိမှုသည် အိတ်ပေါင်း ၂.၈ သန်းခန့် ပြန်လည်တိုးတက်ပြီး စုစုပေါင်း ၆၀ ကီလိုဂရမ်ဝင် အိတ် ၁၀.၉ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရသည်။ ရိုဘတ်စတာကော်ဖီ ထုတ်လုပ်မှု စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးထုတ်လုပ်သော ဆူမားတြားတောင်ပိုင်းနှင့် ဂျာဗားဒေသတို့ရှိ မြေနိမ့် ဧရိယာများတွင် စိုက်ပျိုးထားရှိသည့် ကော်ဖီစိုက်ခင်းများ၏ အခြေအနေကောင်းမွန်မှုအရ ရိုဘတ်စတာကော်ဖီ အထွက်ပမာဏသည် အိတ် ၂.၇ သန်း ပြန်လည်တိုးတက်မှုရရှိပြီး အိတ်ပေါင်း ၉.၅ သန်းအထိကို လည်းကောင်း၊ အာရေဗီးကားကော်ဖီထုတ်လုပ်မှုမှာ အနည်းငယ်မြင့်တက် လျက် အိတ်ပေါင်း ၁.၄ သန်းအထိကိုလည်းကောင်း တိုးမြှင့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။ ထိုသို့ အထွက်ပမာဏ မြင့်မားရန် မျှော်မှန်းထားမှုအရ ကော်ဖီတင်ပို့မှုသည်လည်း အိတ် ၂.၂ သန်း ပိုမိုတိုးတက်လျက် စုစုပေါင်းအိတ် ၆.၅ သန်းအထိ တိုးတက်နိုင်ကြောင်းသိရှိရပါသည်။
အလားတူ ကမ္ဘာ့ထိပ်တန်း ကော်ဖီတင်ပို့သည့် ဘရာဇီးနိုင်ငံအနေဖြင့်လည်း ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ကော်ဖီအိတ် ၁ သိန်း ပိုမိုတိုးတက်လျက် အိတ်ပေါင်း ၆၆.၄ သန်းအထိ ထွက် ရှိနိုင်ကြောင်း၊ ရိုဘတ်စတာ ကော်ဖီထုတ်လုပ်မှုတွင် အိတ် ၄ သိန်းခန့် လျော့နည်းလျက် အိတ် ၂၁ သန်းခန့်သို့ ကျဆင်းဖွယ်ရှိသော်လည်း အာရေဗီးကားကော်ဖီထုတ်လုပ်မှုမှာ အိတ် ၅ သိန်းခန့် ပိုမို လျက် အိတ်ပေါင်း ၄၅.၄ သန်းအထိ တိုးတက်ထွက်ရှိမည်ဟု ခန့်မှန်းခြင်းဖြစ်ကြောင်း၊ ကော်ဖီ အသီးကင်းဖြစ်ထွန်းစအချိန်တွင် ရာသီဥတုခြောက်သွေ့မှုနှင့် အပူချိန် မြင့်မားမှုတို့ကြောင့် ကော်ဖီ နှစ်မျိုးလုံး၏ အထွက်ပမာဏကို ယခင်အကြိမ်ခန့်မှန်းမှုအောက်သို့ လျှော့ချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ကော်ဖီအထွက် သိသာစွာတိုးတက်မှု မရှိခြင်းနှင့်အတူ ယခင်နှစ်မှ ကုန်လက်ကျန် နည်း ပါးသည့် အခြေအနေအရ ရောင်းလိုအားကျဆင်းမှုဖြစ်ပေါ်ပြီး ဘရာဇီး၏ ကော်ဖီတင်ပို့မှုသည် အိတ် ၂.၆ သန်းခန့် ကျဆင်းလျက် အိတ်ပေါင်း ၄၀.၅ သန်းခန့်သာ ရှိနိုင်ကြောင်း USDA က ဖော်ပြထားသည်။
ဘရာဇီးထံမှ ကော်ဖီတင်ပို့မှုလျော့ကျနိုင်မည့် ပမာဏထက် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှ တိုးတက်တင်ပို့နိုင်မည့်ပမာဏက ပိုမိုသာလွန်လျက်ရှိသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီ တင်ပို့ မှု အနည်းငယ်မြင့်တက်လာဖွယ်ရှိသည်။ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့တွင် စားသုံးမှု ပိုမိုလာမှုနှင့်အတူ ကမ္ဘာ့ကော်ဖီသောက်သုံးမှုသည် ကော်ဖီအိတ် ၅.၁ သန်း တိုးတက် လျက် အိတ်ပေါင်း ၁၆၈.၁ သန်းအထိ ရှိနိုင်ကြောင်းနှင့် ကော်ဖီအိတ် နှစ်ကုန်လက်ကျန်ပမာဏ သည် အိတ် ၁.၅ သန်း လျော့ကျလျက် အိတ်ပေါင်း ၂၀.၉ သန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိ ရပါသည်။
Source : Vietnam Plus, December 20, 2024