ကမ္ဘောဒီးယားနိုင်ငံ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပထဝီဒေသ ဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြု ထုတ်ကုန်များအဖြစ် သတ်မှတ်ရန်အလားအလာရှိသော ကုန် ပစ္စည်းများစာရင်းကို ဒီဇင်ဘာလ တတိယရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့ရာ ဆန်၊ သီဟိုဠ်စေ့၊ သရက်သီးနှင့် ဒူးရင်းသီးတို့ပါဝင်ကြောင်း သိရှိရသည်။
GI အသိအမှတ်ပြု လက်မှတ်သည် ဂုဏ်သိက္ခာရှိသော အဆင့်အတန်းတစ်ရပ်အနေဖြင့် အဆိုပါထုတ်ကုန်များ၏ ထူးခြားသော အရည်အသွေးနှင့် မူလပင်ရင်းကို အသိအမှတ်ပြုသွားမည် ဖြစ်ပြီး တုပခြင်းများမှ ကာကွယ်ပေးလျက် ၎င်းတို့၏ စျေးကွက်တန်ဖိုးကို မြှင့်တင်ပေးသွားမည် ဖြစ်သည်။
ဝန်ကြီးဌာနသည် GI ထုတ်ကုန်စနစ် အားကောင်းစေရေး၊ GI ထုတ်ကုန်များ ရေရှည်တည် တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလားအလာရှိသော ထုတ်ကုန်များအား စာရင်းရေးသွင်းခြင်း ဆိုင်ရာ လေ့လာမှုများကို ဆောင်ရွက်ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
GI ထုတ်ကုန်ဆိုသည်မှာ ကုန်စည်၏ အရည်အသွေး၊ ဂုဏ်သတင်း သို့မဟုတ် အခြား ဝိသေသ လက္ခဏာများသည် အဓိကအားဖြင့် ပထဝီဝင်မူလပင်ရင်းဒေသကို အကြောင်းပြု၍ ဖြစ်ထွန်းမှုအပေါ် အဆိုပါ ကုန်စည်၏ ပထဝီဝင်မူလအစကို ကိုယ်စားပြုရန် သို့မဟုတ် အမည် ခေါ်ဆိုရန်အတွက် အသုံးပြုသည့် အမည်နာမ၊ သင်္ကေတ သို့မဟုတ် အခြားလက္ခဏာများကို ဆိုလို ခြင်းဖြစ်သည်။
GI အသိအမှတ်ပြု အဆင့်အတန်းရရှိရေး လုပ်ငန်းစဉ်တွင် ပုံမှန်အားဖြင့် ထုတ်ကုန်၏ ထူးခြားသော လက္ခဏာရပ်များ၊ တိကျသောပထဝီဝင်မူလအစနှင့် ၎င်း၏ ထုတ်လုပ်မှုနှင့် ဆက်စပ် နေသော ရိုးရာအသိပညာများအပါအဝင် ခိုင်မာသောစာရွက်စာတမ်းများပါဝင်သည်။
ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အတွင်းဝန် Penn Sovicheat က ဝန်ကြီးဌာန အနေဖြင့် အဆိုပါ အလားအလာရှိသော ထုတ်ကုန်များအတွက် GI လျှောက်ထားမှုလုပ်ငန်းစဉ် အောင်မြင်စေရေး လယ်သမားများ၊ ထုတ်လုပ်သူများနှင့် အစိုးရ အေဂျင်စီများအပါအဝင် သက်ဆိုင်သူများနှင့် ဆက်လက်၍ အနီးကပ်လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ GI စီမံကိန်းကို အကောင်အထည်ဖော်ခြင်းသည် အရည်အသွေး ခိုင်မာရန်၊ တန်ဖိုး ထားမှု တိုးလာစေပြီး အရည်အသွေးအာမခံမှုစနစ်က စားသုံးသူများ၏ ယုံကြည်မှုကို ပေးနိုင်ရန် အတွက် ဖြစ်ကြောင်း Khmer Times သို့ ပြောကြားခဲ့သည်။
အဆိုပါဝန်ကြီးဌာနသည် လက်ရှိကာလ၌ GI ထုတ်ကုန် (၇) မျိုးဖြစ်သည့် Kampot ငရုတ် ကောင်း၊ Kampong Speu ထန်းလျက်၊ Koh Trung ကျွဲကောသီး၊ Mondulkiri တောပျားရည်၊ Kampot ဆားနှင့်ဆားပွင့်၊ Takeo ပုစွန်နှင့် Kampot-Kep ငါးငံပြာရည်တို့ကို မှတ်ပုံတင်ထား ပြီးဖြစ်သည်။
ထို့အပြင် ဖနွမ်းပင်ခေါက်ဆွဲ၊ Ambok Kampong Thom ဖွပ်ဆန်၊ Preah Vihear ဆန်၊ SKO ရနံ့မွှေးဆန်၊ DSMK မူရင်းဆန်၊ Battambang အုန်းသီး၊ Siem Reap ခေါက်ဆွဲနှင့် Koh Trung II ကျွဲကောသီးတို့ကို GI အသိအမှတ်ပြု မှတ်ပုံတင်ရန် အလားအလာရှိသော ထုတ်ကုန် ၈ ခုအဖြစ် အဆိုပါ ဝန်ကြီးဌာနက စာရင်းပြုစုထားကြောင်း သိရှိရပါသည်။
Source: Khmer Times, 24 December, 2024