အင်ဒိုနီးရှားနိုင်ငံတွင် အရန်ရိက္ခာအဖြစ် သိုလှောင်ထားရှိမည့် ဆန်ပမာဏကို တန်ချိန် ၂ သန်း သတ်မှတ်ထားရာမှ ရှေ့လာမည့်နှစ်မှ စတင်၍ တန်ချိန် ၂.၅ သန်း အထိ တိုးမြှင့် သိုလှောင်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း စားနပ်ရိက္ခာရေးရာဝန်ကြီး Zulkifli Hasan က ပြောကြားခဲ့သည်။
ပိုမိုများပြားသည့် အရန်ဆန်ပမာဏသည် နိုင်ငံ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုအပေါ် ပြည်သူ များ၏ ယုံကြည်မှုကို တိုးမြင့်လာစေမည်ဖြစ်ကြောင်း၊ အစိုးရ၏ အရန်ဆန်ပမာဏအား မြှင့်တင် ခြင်းသည် တောင်သူများထံမှ ဆန်စပါးများကို ပိုမိုဝယ်ယူမည့် အဓိပ္ပါယ်ဖြစ်ကြောင်း၊ ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် အရန်ဆန်တန်ချိန် ၂ သန်းမှ တန်ချိန် ၂.၅ သန်းအထိ တိုးမြှင့်မည့် အစီအစဉ် ကို သမ္မတ Prabowo Subianto ထံ အဆိုပြု တင်ပြသွားမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံရေး သည် သမ္မတ၏ ဦးစားပေး စဉ်းစားဆောင်ရွက်မည့် အရေးပါသော လုပ်ငန်းရပ်ဖြစ်ကြောင်းဖြင့် ဝန်ကြီး Zulkifli က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဂျကာတာမြို့၌ သတင်းထောက်များအား တွေ့ဆုံစဉ် ပြောကြားခဲ့သည် ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ Antara က ဖော်ပြခဲ့သည်။
ဆန်ကို အဓိကစားနပ်ရိက္ခာအဖြစ် သတ်မှတ်သည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လာမည့်နှစ် တွင် ပြည်ပမှဆန်တင်သွင်းမှုအပေါ် မှီခိုရန်လိုအပ်မည်မဟုတ်ဟု မျှော်လင့်ထားသည်။ စိုက်ပျိုးရေး ဝန်ကြီး Andi Amran Sulaiman သည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၃၂ သန်းအထိ ထုတ်လုပ်နိုင် ရန် ရည်မှန်းချက် ချမှတ်ထားပါသည်။ အင်ဒိုနီးရှား ဗဟိုစာရင်းအင်းအေဂျင်စီ (BPS) ၏ အချက် အလက်များအရ ၂၀၂၄ ခုနှစ်အတွက် တစ်နိုင်ငံလုံး ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃၀.၃၄ သန်း အထိ ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ် ထုတ်လုပ်မှု တန်ချိန် ၃၁.၁၀ သန်းနှင့် နှိုင်းယှဉ်ပါက ၂.၄၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။
Source: Jakarta Globe, 24 Dec 2024