ဖိလစ်ပိုင်နိုင်ငံ၌ အချို့သော လုပ်ငန်းရှင်များ၏ ဆန်ဈေးနှုန်းအပေါ် ကြိုးကိုင်ချယ်လှယ်မှု ကို တားဆီးနိုင်ရန်အတွက် ပြည်ပမှ တင်သွင်းလာသည့်ဆန်များအား ရောင်းချရာတွင် ကုန်အမှတ် တံဆိပ်များကို ဖယ်ရှားရမည်ဖြစ်သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြောဆိုခဲ့သည်။
ဈေးကွက် လေ့လာဆန်းစစ်မှုများစွာကို လုပ်ဆောင်ခဲ့အပြီးတွင် အချို့သော လက်လီရောင်း ချသူများနှင့် ကုန်သည်များသည် ဆန်ဈေးနှုန်းမြင့်မားစွာ ရရှိစေရေးအတွက် ကုန်အမှတ်တံဆိပ်ကို အကြောင်းပြလျက် စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ရှိစွာ လုပ်ကိုင်နေ သည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ တင်သွင်းလာသည့် ဆန်များ၏ အမှတ်တံဆိပ်များကို ဖယ်ရှား မည်ဖြစ်သည့်အပြင် ပရီမီယံ (premium) နှင့် အထူး (special) စသည့် ဖော်ပြချက်များကိုလည်း ဖယ်ရှားရမည်ဖြစ်ကြောင်း၊ ဆန်တင်သွင်းမှုသည် သာမန်အခွင့်အရေးမဟုတ်ပဲ အထူးအခွင့်အရေး ပေးအပ်ခြင်းဖြစ်ပြီး အကယ်၍ ကုန်သည်များအနေဖြင့် အစိုးရ၏ စည်းကမ်းချက်များကို လိုက်နာ ရန် ဆန္ဒမရှိပါက ဆန်တင်သွင်းခွင့်ပါမစ်များကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်းဖြင့် ဖိလစ်ပိုင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ပြောကြားခဲ့သည်။
တင်သွင်းလာသည့်ဆန်များ၏ ဆိပ်ကမ်းကုန်ချစရိတ်နှင့် ရောင်းချသည့်ဈေးနှုန်းတို့အကြား ခြားနားမှုတန်ဖိုး ၁ ကီလိုဂရမ်လျှင် ၆ ပီဆိုမှ ၈ ပီဆိုအတွင်း နှုန်းထားသည် ကုန်ထုတ်လုပ်ရောင်း ချမှု ကွင်းဆက်၌ ပါဝင်နေသူများအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုအတွက် အကျိုးအမြတ်ဖြစ် ထွန်းရန် လုံလောက်မှုရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ အချက်အလက်များက ဖော်ပြလျက် ရှိသည်။ ဥပမာအားဖြင့် ဗီယက်နမ်မှ ဝယ်ယူတင်သွင်းလာသောဆန်၏ စုစုပေါင်းကုန်ကျစရိတ် သည် ၁ ကီလိုဂရမ်လျှင် ပီဆို ၄၀ ဖြစ်ပါက စားသုံးသူလက်ဝယ်အရောက် ရောင်းချသည့် ဈေးနှုန်း သည် ၁ ကီလိုဂရမ်လျှင် ၄၈ ပီဆိုထက် မပိုသင့်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် အရန်ရိက္ခာထားရှိမှုမှ ဖြန့်ဖြူးရန် အမျိုးသား စားနပ် ရိက္ခာအာဏာပိုင်အဖွဲ့သို့ ခွင့်ပြုသော ပြန်လည်ပြင်ဆင်ခဲ့သည့် ဆန်စပါးအကောက်ခွန်စည်းကြပ်မှု ဥပဒေအောက်ရှိ အရေးပေါ် စားနပ်ရိက္ခာဖူလုံမှု ပြဋ္ဌာန်းချက်အား ကိုးကားဆောင်ရွက်မှု အပါအဝင် ဆန်ဈေးနှုန်း မတည်ငြိမ်မှုကို ကိုင်တွယ်ဖြေရှင်းမည့် အစီအမံများစွာကို အစိုးရက လုပ်ဆောင် လျက်ရှိသည်။
ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သောဆန်များမှာမူ ပြည်တွင်းဈေးကွက်ကို အကာအကွယ် ပေးရန်အတွက် ယခုကဲ့သို့ ကုန်အမှတ်တံဆိပ်များ ဖယ်ရှားမည့် စည်းကမ်းသတ်မှတ်ချက်များမှ ကင်းလွတ်မှုရှိမည်ဖြစ်သည်။
ဆန်ကုန်သည်များ၏ ဘဏ္ဍာရေး မှတ်တမ်းမှတ်ရာများကို ပြည်တွင်းအခွန်များဗျူရိုဌာနက စာရင်းစစ်ဆေးရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်းသတ်မှတ်မှု အလေ့အထများအား လိုက်နာ ဆောင်ရွက်ခြင်းကို သေချာခိုင်မာမှုရှိစေရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့်စက်မှုဦးစီးဌာနက ဈေးကွက်အတွင်းဖြစ်ပေါ်သော ဆန်ဈေးနှုန်းများအား စောင့်ကြည့်ထိန်းကျောင်းရာတွင်လည်း အလားတူ ဆောင်ရွက်သင့်ကြောင်း စိုက်ပျိုးရေးအတွင်းဝန် Laurel က ပြောကြားထားသည်။
Source: Daily Tribune, 26 Dec 2024