![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_52.jpg?itok=nOVMgU90)
ထောပတ်သီးသည် လူကြိုက်များသောသစ်သီးဝလံ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးသို့ပါ တင်ပို့နေရသော ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ထောပတ်သီးသည် အရသာကောင်းမွန်သောကြောင့် စားသုံးသူများပြားသည့်အပြင် အလှအပရေးရာအတွက်လည်း အသုံးဝင်သည့် အလှကုန်များ၊ ရေချိုးဆပ်ပြာဆီများ၊ ဆံကေသာလိမ်းဆီများကဲ့သို့သော ပစ္စည်းများထုတ်လုပ်ရာတွင်လည်း အသုံးဝင်သည့်အတွက် ဈေးကွက်၀ယ်လိုအားများပြားသော သီးနှံများထဲတွင် ထိပ်တန်းကပါဝင်နေပါသည်။
ထောပတ်သီး စတင်စိုက်ပျိုးရာ မူရင်းဒေသမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက်ဆီကို(တောင်ပိုင်း) မှ မူလအရင်းတည်ပြီးပီရူး အလယ်ပိုင်းသို့ရောက်ရှိလာကာ ဥရောပ၌ ဖြစ်ထွန်းခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အပူပိုင်းနှင့် နွေးသမဇုန်များသို့ ပျံ့နှံ့သွားကြောင်းလေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံတွင် ထောပတ်သီးကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် စတင်စိုက်ပျိုးခဲ့ကြပြီး ယခုအခါ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင်ပါ စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်မှ ထောပတ်သီးထွက်ရှိမှု အများဆုံးဖြစ်ပြီးစိုက်ပျိုးတောင်သူများအား ဝင်ငွေတိုးအမြတ်ပိုစေသည့်သီးနှံဖြစ်ကြောင်းလည်းသိရှိရပါသည်။ထောပတ်သီးများသည် အောက်တိုဘာလတွင်စတင်ထွက်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းတွင် အသီးကုန်ပါသည်။
ယခုဒီဇင်ဘာလသည် ထောပတ်သီးဝေဆာစွာ ထွက်ရှိသောကာလဖြစ်ပြီး ရှမ်းပြည်နယ်မှ ထွက်ရှိသော ထောပတ်သီးများသည် ဈေးကွက်ဝင်လူကြိုက် များလှပေသည်။ ထောပတ်သီး ဒေသမျိုးရင်းများကို အဝိုင်းမျိုး ၊ မီးသီးမျိုး၊ ဘူးသီးမျိုးသဖြင့် ပုံသဏ္ဍာန်အနေအထားကိုလိုက်၍ အမည်ပေးခေါ်ဆိုမှုများရှိသကဲ့သို့ မိမိတို့စိုက်ပျိုးသော ထောပတ်ခြံအမည်ကိုပေးခြင်းဖြင့်လည်းကောင်း ခေါ်ဆိုကြပါသည်။ Hass ထောပတ်မျိုးများသည် ဈေးကွက်အတွင်း ပိုမိုတွင်ကျယ်လျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ဒေသမျိုးရင်းထောပတ်သီးများအပြင် HASS ထောပတ်သီးသည်လည်း မြန်မာနိုင်ငံအတွင်း လွန်စွာစားသုံးမှုများပြားလာသော ထောပတ်အမျိုးအစားတစ်ခုဖြစ်ပါသည်။ HASS ထောပတ်သီး၏ အရသာမှာ ဆိမ့်၍ စီးပိုင်သောအရသာရှိ၍ စားသုံးသူများနှစ်သက်ကြပြီး HASS ထောပတ်သီးဈေးနှုန်းသည် ဒေသသီးဈေးနှုန်းထက်ပိုမြင့်ပါသည်။ ဒေသသီးတစ်လုံးလျှင် ၁၅၀-၂၀၀ကျပ်ခန့်မှစ၍ ၆၀၀- ၈၀၀ကျပ်အထိ လည်းကောင်း၊ လက်လီဈေး ၂၅၀-၅၀၀ ကျပ်ခန့်မှ ၁၀၀၀- ၁၂၀၀ကျပ်ခန့်အထိ လည်းကောင်း၊ အရွယ်အစားနှင့် ထောပတ် အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးကွဲပြားပါသည်။ HASS ထောပတ်သီးကိုမူ ကီလိုဂရမ်ဈေးဖြင့် ရောင်းချလေ့ရှိကြပြီး လက္ကားဈေး တစ်ကီလိုလျှင် ၃၀၀၀- ၄၀၀၀ ကျပ်အတွင်းပေါက်ဈေးရှိပြီး လက်လီဈေး တစ်ကီလို လျှင် ကျပ် ၃၅၀၀ - ၅၀၀၀ ကျပ်အတွင်းပေါက်ဈေးရှိပြီး အရွယ်အစားနှင့် လတ်ဆတ်မှုပေါ်မူတည်၍ ၆၅၀၀-၇၀၀၀ ကျပ် ခန့်အထိ ဈေးကောင်းရရှိနေကြောင်းသိရှိရပါသည်။ ထောပတ်သီးများကို ဒေသဈေးနေ့များတွင်ဝယ်ယူစားသုံးမှု များပြား ကြပြီး ဒေသတွင်းသစ်သီးရောင်းချသောဆိုင်များ၊ ပွဲရုံများနှင့်အင်တာနက်လိုင်းပေါ်မှတစ်ဆင့်လည်း ဝယ်ယူစားသုံးမှု များပြားကြကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)