Main menu

မုံရွာမြို့နယ်ရှိ ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ငှက်ပျောတိုးချဲ့စိုက်ပျိုးလာကြပြီး  မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။

           ဒေသတွင်းဖီးကြမ်းငှက်ပျော(ရိုးရိုး)နှင့် ဖီးကြမ်း(ကျောက်စိမ်း) စသည့် မျိုး(၂)မျိုးကိုသာအများဆုံးစိုက်ပျိုးကြပြီး ငှက်ပျောသားပေါက်များကို တစ်ပင်လျှင် ၄၅၀ကျပ် နှုန်းဖြင့် ကနီမြို့နယ်မှ ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပုံမှာ တစ်ဧကလျှင် အပင်ရေ(၈၀၀)ခန့် စိုက်ပျိုးကြောင်း၊ မစိုက်မီ ထယ်နှစ်စပ်ထိုး၍ တစ်ပင်နှင့်တစ်ပင်အကြား ၉ပေခန့်အကွာအဝေးဖြင့် ရေသွင်းစိုက်ပျိုးကြောင်း၊ စိုက်ပင်၁၅ရက်သားတွင် အရွက်မထွက်သည့်အပင်များကို ထိပ်ဖွင့်ပြီး ၂၀ရက်သားတွင် အပင်မပေါက်သည်များကို ဖာထေး၍ ၃၅ရက်သားတွင် ရိုလာစက်ဖြင့် ပေါင်းသတ်ပေးပြီး ၄၅ရက်သားတွင် ထယ်တစ်စပ်ထိုးကာ ရေသွင်းပေးရကြောင်း၊ ငှက်ပျောစိုက်ပင် (၁၀)လသားအထိ တစ်လလျှင် တစ်ကြိမ် ထယ်တစ်စပ်ထိုး၊ ရေတစ်ကြိမ်သွင်းပြီး သားပင်များကို တံစဉ်ဖြင့် ထိပ်ဖြတ်ပေးရကြောင်း၊ ငှက်ပျောပင်(၁၃)လသားအရွယ်တွင် ၎င်းအပင်အားလုံးမှာ အခိုင်ထွက်ပြီး တစ်ပင်လျှင် တစ်ခိုင်၊ တစ်ခိုင်လျှင် (၁၀) ဖီးခန့်ပါရှိပြီး ရောင်းတန်းဝင်သည့် ငှက်ပျောဖီး(၅)ဖီးရယူကြောင်း၊ မြေဆီမြေသားကောင်းမွန်မှုနှင့် ရေရရှိမှုအပေါ်မူတည်၍ (၅)နှစ်မှ (၇)နှစ်ခန့်အထိ ရောင်းတန်းဝင်ငှက်ပျောခိုင်များထွက်ရှိကြောင်း၊ ထွက်ရှိသောငှက်ပျောများကို မြို့ပေါ်ရှိကုန်သည်များက ခြံအရောက် တစ်ဖီးလျှင် (၂၀၀၀-၂၅၀၀) ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြပြီး မြို့တွင်းလက်လီဈေးများတွင် ပြန်လည်ရောင်းချမှုများရှိသောကြောင့် ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်ကာအဆင်ပြေနေကြကြောင်း သိရှိရပါသည်။