Main menu

ပြည်မြို့တွင်ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်း/ ဈေးကွက်

Powered by Drupal

           ပြည်ခရိုင်တွင် ငှက်ပျောသီးများကို လူအကြိုက်များ၍ ငှက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြကြောင်းသိရသည်။

             ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ သစ်ချီတင်ကျေးရွာ၊ ရှမ်းစုကျေးရွာတို့တွင် ငှက်ပျောပင်ကို အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ ဖီးကြမ်းငှက်ပျောသီး နှင့်ရခိုင်ငှက်ပျောသီး တို့ကိုသာဦးစားပေး၍ စိုက်ပျိုးကြပါသည်။ ငှက်ပျောပင်ကို မေလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန်အသင့်တော်ဆုံးအချိန်ဖြစ်ပါသည်။ ငှက်ပျောစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပျိုးပင်ပေါင်း ၈၀၀-၉၀၀ ခန့်လိုအပ်ပြီး တစ်ကျင်းလျှင်တစ်ပင်နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ၁၀ပေစီခြား၍ စိုက်ပျိုးရပါသည်။ သားတက်များထွက်လာချိန်တွင် ဓါးဖြင့်ခုတ်ထွင်ရှင်းလင်းရပါမည်။ နှင်းများကျခြင်းသည်အပင်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ လေပြင်းတိုက်ခိုက်ပါက အပင်များလဲကျတက်သဖြင့် လေကာပင်များစိုက်ပျိုးရန်လိုအပ်ပါသည်။ ပြည်မြို့ရှိ အချို့သောကျေးရွာများတွင် ငှက်ပျောပင်များအောက်၌ သံပုရာပင်များကိုလည်းစိုက်ပျိုးကြသဖြင့် သံပုရာပင်များလည်းအရိပ်ရစေကြောင်းသိရသည်။

            ငှက်ပျောပင်စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် ငှက်ပျောခိုင်များစတင်ထွက်ရှိလာပြီး ငှက်ပျောခိုင်တစ်ခိုင်တွင် ငှက်ပျောသီးပျမ်းမျှ ၉ဖီးမှ ၁၀ဖီးအထိပါရှိပြီး တစ်ဖီးလျှင် ငှက်ပျောသီး ၁၀လုံးမှ ၁၅လုံးထိပါရှိပါသည်။ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် တန် (၄၀)ကျော်ထွက်ရှိပြီး၊ ပထမနှစ်လမိုင်းခင်းတွင် တန်၃၀ကျော်၊ ဒုတိယနှစ်လမိုင်းခင်းတွင် တန်၂၀ကျော်ထွက်ရှိသည်ဟု သိရပါသည်။

              ပြည်ဈေးကွက်တွင် ရောင်းချသောငှက်ပျောသီးဈေးနှုန်းများအနေဖြင့် ရခိုင်ငှက်ပျောသီး(အစိမ်း)တစ်ဖီးလျှင် ၁၀၀၀-၁၂၀၀ကျပ်၊ (အမှည့်)တစ်ဖီးလျှင် ၈၀၀ကျပ်၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် ၂၀၀၀-၂၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ပြည်ဒေသမှထွက်ရှိလာသော ငှက်ပျောသီးများကို ပြည်ဈေးကွက်တွင် ရောင်းချသည့်အပြင် ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချသည်ဟုသိရှိရပါသည်။

                 ငှက်ပျောပင် စိုက်ပျိုးသူတောင်သူများအဖို့ စီးပွားဖြစ်စိုက်ပျိုးခြင်းအပြင် မိမိအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိမိတို့အတွက် စားသုံးရန်ရရှိသလို ပိုလျှံပါကဈေးသို့ ရောင်းချလျင်လည်း ဝင်ငွေများရရှိမှာဖြစ်သည့်အပြင် စီးပွားဖြစ်စိုက်ပျိုးလျင်လည်း အမြတ်အစွန်းများ ပိုမိုရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)