
မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြသည့် ပဲစဉ်းငုံမျိုးများမှာ သက်ကြီးမျိုးဖြစ်ပြီး ပဲစဉ်းငုံ ကို သီးညှပ်သီးနှံအဖြစ်လည်း စိုက်ပျိုးကြပါသည်။ အပင်သက်တမ်းတလျှောက် နှင်းခါးရိုက်မှုဒဏ်ခံ နိုင်ရည်မရှိပါ။ ပဲစဉ်းငုံ၏ အမြစ်သည် ရှည်လျား၍ ရေငတ်ဒဏ်ခံနိုင်ရှိပါသည်။ ပဲစဉ်းငုံသည် ရေဝပ် ခြင်း ဒဏ်ခံနိုင်ရည်မရှိပါ။ ပဲစဉ်းငုံသည် နေ့တာအတိုအရှည်ပင်ဖြစ်၍ စိုက်ချိန်သည် အပင်ကြီးထွား မှုနှင့် အပင်အမြင့်အတွက် အဓိကအရေးကြီးသည်။ ပဲစဉ်းငုံကို တချို့အရပ်ဒေသတွေမှာ “စစ်ပိုင်ပဲ” လို့ ခေါ်ကြပါတယ်။ ပဲစဉ်းငုံအသီးက ခပ်ပြားပြားပုံသဏ္ဌာန် ဖြစ်ပါတယ်။ သူရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေဒေသပေါ် မူတည်ပြီး အစေ့၏ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင်တို့ကွဲပြားခြားနားကြပါ သည်။ တချို့ဒေသထွက် ပဲစဉ်းငုံအစေ့မှာ လုံးဝန်း၍ တချို့က ဘဲဥပုံ ဖြစ်ပါတယ်။ တချို့မှာ အဖြူ၊ အညို၊ အနီ၊ မီးခိုရောင် (သို့) ခရမ်းရောင်သန်းပါတယ်။ ပဲစဉ်းငုံအတွက် မြေဆီလွှာရွေးချယ်ခြင်း ပဲစင်းငုံအတွက် မြေအမျိုးစားမရွေး သဲသမမြေမှ ရွှံ့သဲသမမြေအထိ စိုက်ပျိုးနိုင်ပါတယ်။ မြေနီ ကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေနက်တို့တွင် ဖြစ်ထွန်းပါတယ်။ နုန်းမြေစေး၊ မြေဩဇာထက် သန်၍ မြေသားနက်သည့် သမမြေတွင် ပိုမိုဖြစ်ထွန်းပါတယ်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ သို့သော် ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အပူချိန်မြင့်ခြင်း အခြေအနေမျိုးမှ လွတ်အောင်စိုက်ပျိုးရန် လိုအပ်ပါသည်။ ပန်းပွင့်ရန် နေ့တာတိုကာလ လိုအပ်ပါသည်။ ပန်းစောပွင့်လျှင် အဆံမတည်တက်ပါ။ ဒေသမျိုးများကို မိုးဦးကာလတွင် စိုက်ပျိုးသင့်ပါသည်။ ပဲစဉ်းငုံမျိုးတွင် ပင်ပြန့်၊ ပင်ထောင်ဟူ၍ အခြေခံမျိုးကြီးနှစ်မျိုးရှိသည်။ အသက်ရက်ကိုလိုက်၍ သက်ကြီးမျိုး၊ သက်လတ်မျိုး၊ သက်လျှင်မျိုး ဟူ၍လည်း ခွဲခြားခေါ်ကြသည်။ ပဲစင်းငုံသီးနှံအား သီးသန့်(သို့)သီးညှပ် စိုက်ပျိုးလေ့ရှိပါသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တန်းအလိုက် သတ်မှတ်ထားသော အပင်အရေအတွက် ဝင်အောင် စိုက်ပျိုးရမည်။ သီးညှပ်အဖြစ် ပဲစင်းငုံတစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း ၊နှမ်း ၊မြေပဲ၊ ဝါ၊ နေကြာနှင့် နှံစားပြောင်း(၃)တန်းမှ(၅)တန်းထိ ညှပ်၍စိုက်ပျိုးကြသည်။ သက်ကြီးမျိုးကို တန်းကြား (၄.၅)ပေ၊ ပင်ကြား(၁)ပေ၊ သက်လတ်မျိုးကိုတန်းကြား(၃)ပေ၊ ပင်ကြား(၁)ပေ၊ သက်လျှင်မျိုးကို တန်းကြား(၂)ပေပင်ကြား(၆)လက်မ စိုက်ပျိုးရသည်။ ပဲစဉ်းငုံကို သီးညှပ်စိုက်ပျိုးရာတွင် ပင်ကြား တန်းကြားကို (၁.၅-၃)ပေ (၇-၁၀.၅) ပေထိထား၍ စိုက်ပျိုးလေ့ရှိပါသည်။ ပဲစဉ်းငုံကို ဟင်းချိုအဖြစ် လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ဟင်းသီးဟင်းရွက်စုံနှင့် အချဉ်ချက်၍ လည်းကောင်း အမျိုးမျိုးအဖုံဖုံ စားသုံးနိုင်ပါသည်။ ပဲစဉ်းငုံကို ပြည်တွင်း၌ ပဲဟင်း၊ ပဲကြော်၊ ပဲပြုတ်၊ ပဲသီးစိမ်း ပြုတ်၍စားသုံးကြသော်လည်း အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ ပဲစဉ်းငုံများကို အစည်းကလေးများစည်း၍ ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ပဲစဉ်းငုံကို ပြည်မြို့အနီးအနားရှိ ကျေးရွာများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများမှ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချလျက်ရှိပြီး ပဲစဉ်းငုံ ခန့်မှန်းခြေတစ်ဆယ်ကျပ်သားခန့်ရှိ အစည်းကြီးတစ်စည်းကြီးလျှင် ကျပ် ၁ဝဝဝ၊ ငါးကျပ် ခန့်သားလောက်ရှိ အလတ်တစ်စည်းလျှင် ကျပ် ၅၀၀၊ ၃ကျပ်သားလောက်ခန့်ရှိသော အသေးတစ်စီး လျှင် ၃ဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ပဲစဉ်းငုံကို ဈေးကောင်းပေး၍ စားသုံးသူများမှ ဝယ်ယူစားသုံးကြသဖြင့် ဈေးကောင်းရပြီး အရောင်း အဝယ်ဖြစ်ကြောင်းလည်း သိရပါသည်။
ပဲစင်းငုံသည်ပြည်တွင်း၌အသင့်အတင့်သာစားသုံးပြီးပြည်ပ(အဓိကအားဖြင့်အိန္ဒိယ)သို့တင်ပိုရောင်းချလျှက်ရှိပြီးနိုင်ငံခြားငွေအများဆုံးရှာဖွေပေးသောပဲသီးနှံတစ်ခုဖြစ်ပါသည်။ပဲစင်းငုံအထွက်တိုးအောင်စိုက်ပျိုးလာနိုင်နှင့်အမျှတောင်သူများဝင်ငွေတိုးတက်၍လူနေမှုအဆင့်မြင့်မားလာနိုင်မည်ကြောင်း ဖော်ပြလိုက်ပါသည်။
DOCA(ပဲခူး)