Main menu

ဆန်းသစ်ချဲ့ထွင် ဝင်ငွေတိုးလာသော ကုလားပဲခွေလုပ်ငန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး ကုလားပဲ စိုက်ပျိုးမြေ ဧကပေါင်း ၁၂၇၂၅၅ ရှိသောတိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ပြည်တွင်း၊ပြည်ပသို့ နှစ်စဉ်ပဲ အများဆုံးတင်ပို့နိုင်ပြီး ကုလားပဲစိုက်ပျိုးမြေတစ်ဧကလျှင် ၁၈.၉၅ နှုန်း ခန့်ကိုပြည်တွင်းစားသုံးမှုဖူ လုံစေရန် တင်ပို့လျက်ရှိသည်။ နိုင်ငံအဝန်းကုလားပဲ ကိုအခြေခံကာ ဒေသထွက် အစားစာများစွာ ပြုလုပ်စားသုံးကြသည်။စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုလားပဲကို အခြေခံကာ ပြုလုပ်ရသော အညာစာကလေးခွေ ခေါ် ကုလားပဲခွေကို ကံကုန်း၊ မင်းရွာ၊ ဆားလင်းကြီး ပုလဲ စသည့် ကျေးရွာများနှင့် မုံရွာမြို့ပေါ်တွင်ပါ အသေးစားလုပ်ငန်းများဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းမှသည် တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ အညာဒေသထွက် အစားအစာများတွင် ကုလားပဲခွေကြော်သည် ကုလားပဲအမျိုးအစား တစ်ခုတည်းကိုသာ အသုံးပြုထားပြီး ဓာတုဆေးဝါးပါဝင်မှု အလွန်နည်းသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ကာ ထူးခြားကောင်းမွန်လှသည်။

ကုလားပဲခွေပြုလုပ်ရာတွင် ကုလားပဲအစိမ်းမုန့်ထဲသို့ ရေတစ်ဆင့်ချင်းထည့်ကာ ကုလားပဲ အနှစ် မပျစ်၊မကျဲ အနေတော်အနေအထားရသည် အထိနယ်ကာ ဆား၊ ဟင်းခတ်မှုန့်၊ ဆိုဒါ၊ ဂျင်းနှင့် ကြက်သွန်အရည် ညှစ်ကာထည့်ပြီး သမအောင်မွှေရပါသည်။သမအောင်မွှေထားသော ကုလားပဲ အနှစ်များကို ပုံစံခွက် (သို့) ပုံစံခွက်ပါသောပိတ်စ များစသည်ဖြင့် ၂၀၀ ဒီဂရီစင်တီဂရိတ် ခန့်ပူသောဆီအိုးထဲသို့ ဝိုင်း၍ညစ်ထည့် ကာကြော်ကြပါသည်။ ရရှိလာသောပဲခွေကြော်များကို ဆီစစ်ဆန်ကာသို့ထည့်ကာ ဆီစစ်ရသည်။လုပ်သားအင်အား အနည်းဆုံး(၂)ဦးမှစတင်ကာ လုပ်ငန်း အရွယ်အစားပေါ်မူတည်၍ ချဲ့ထွင်လုပ်ကိုင်လျက်ရှိသည်။ ကုလားပဲနှစ်အစို တစ်ပိဿာလျှင် ပဲခွေကြော် ၀.၇ ပိသာခန့် ရရှိ ကြောင်းသိရသည်။

ရရှိလာသောကုလားပဲခွေကြော် ပူပူများကို ၃-၅ ခန့်အအေးခံ၍ ပြည်တွင်းတံဆိပ် အမျိုးမျိုး ကပ်ကာပလတ်စတစ်အိတ်များ၊ လေဖောင်းအိတ်များ၊ လေစုပ်အိတ်များ၊ ပလတ်စတစ်ဘူးအရွယ်အစား စုံလင်စွာဖြင့် ပမာဏအမျိုးမျိုးထုတ်ပိုး၍ စူပါမားကတ်များနှင့် အညာဒေသလက်ဆောင်များအဖြစ် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြသည်။တွဲဖက်စားသုံးနိုင်ရန် ငရုတ်သီးအတောင့်ကျွတ်ကြော်၊ ပျင်းတော်သိမ်းရွက်အကျွတ်ကြော်၊ ပဲပုတ်ပြားကြော် စသည်ဖြင့်ထည့်ပေးကြသည်။ အရသာ ကောင်းမွန်သောကြောင့် လူကြီး၊လူငယ်မရွေး ထမင်းနှင့်တွဲ၍ သော်လည်းကောင်း၊သရေစာ အဖြစ် သော်လည်းကောင်း နှစ်ခြိုက်စွာစားသုံးကြသည်။

ဈေးနှန်းဈေးကွက်အနေဖြင့် ယခုနှစ်ဒီဇင်ဘာလနောက်ဆုံးအပတ်တွင် ကုလားပဲခွေကြော် ၁၂၅ဂရမ်  ပါတစ်ထုတ်လျှင် ၁၀၀၀ ကျပ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့်အပြင် မြန်မာနိုင်ငံနေရာအနှံ့အပြား သို့တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသတွင်းထပ်တိုး ဈေးကွက်တစ်ခု အနေဖြင့် ကုလားပဲခွေကြော်များကို ကြွပ်ရွ၍အရသာကောင်းမွန်မှုကို ထိန်းသိမ်းနိုင်ရန် လေလုံအောင် အထုတ်ငယ်လေးများနှင့်ထုတ်ပိုးပြီး တစ်ထုတ်လျှင်ကျပ် ၁၀၀၀-၄၀၀၀ နှုန်းဖြင့် မြို့ပေါ် အအေးဆိုင်များ၊ ရပ်ကွက်ကုန်စုံဆိုင်များ၊ မုန့်မျိုးစုံအရောင်းဆိုင်များနှင့်မြို့အနီးကျေးရွာအထိ ပါရောင်းချလျက်ရှိသည်။

ထို့ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး၏ အညာစာကလေးခွေကြော်သည် တစ်နိုင်တစ်ပိုင် လုပ်ငန်းမှသည် ဆန်းသစ်လာကာ ဒေသတွင်းဝင်ငွေရရှိစေရုံသာမက အလုပ်အကိုင်အခွင့်အလမ်း များပေးစွမ်းနိုင်ခြင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုလျက်ရှိပြီး ဒေသထုတ်ကုန် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူ ပြုလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)