ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူတောင်သူ (၈)ဦးရှိပြီး ကျောက်ဖရုံစင်ပေါင်း (၈)စင်ရှိပါသည်။ ထို့ကြောင့် ကျောက်ဖရုံစိုက်ပျိုးထုတ်လုပ်မှုအား သိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၃.၁၂.၂၀၂၄) ရက်နေ့တွင်သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ထိုးတွင်းစဉ်ကျေးရွာတွင် ကျောက်ဖရုံသီး စိုက်ပျိုးသူတောင်သူ ဦးဘိုနိုင်ဝင်း နှင့်တွေ့ဆုံ၍ မေးမြန်းရာ စင်တစ်စင်ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းကျပ် ခန့်ကုန်ကျပြီး ကျောက်ဖရုံစင်တစ်စင်လျှင် (၃)နှစ်ခန့် အသုံးပြုရပါသည်။ ထိုအပြင် အခြား မျိုးဖိုးနှင့် သွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ၅၀၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ကျောက်ဖရုံသီးထွက်ပေါ်ချိန်တွင် တစ်လလျှင် (၄)ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ် လျှင် အနည်းဆုံးအလုံးရေ(၅၀)ခန့် ခူးဆွတ်ရရှိပါသည်။ ထို့ကြောင့်စင်တစ်စင်လျှင် အလုံးပေါင်း ၆၀၀ ကျော်ခူးဆွတ်ရရှိသည်ဟု သိရပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချသဖြင့် ဝင်ငွေအနေဖြင့်(၁၂)သိန်းကျပ်ခန့်ရရှိ၍ တောင်သူအသားတင် အမြတ်အနေ ဖြင့် (၇၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း သိရပါသည်။ ပထမစတင်စိုက်ပျိုးသောနှစ်တွင် စင်ဘိုးကုန် ကျပြီး နောက်နှစ်များတွင် စင်ဘိုးကုန်ကျမှုမရှိသည့်အတွက် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ပါသည်။ ထွက်ရှိလာသော ကျောက်ဖရုံသီးများကို ရောင်းချသောဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် ပြည်မြို့အနီးရှိ ဖရုံယိုလုပ်ငန်းလုပ်ကိုင်သူများအား ရောင်းချလျက်ရှိသလို ဈေးကွက်များသို့လည်း တင်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)