Main menu

“မြန်မာ့ဆေးဖက်ဝင် ထိကရုံးပင်”

Powered by Drupal

ထိကရုံးသည် ခါးဖန်သောအရသာရှိသည်။ အေးသောသတ္တိရှိသည်။ သလိပ်၊ သည်းခြေတို့ကို ငြိမ်းစေတတ်၏ဟုဆေးကျမ်းများတွင် အဆိုရှိသည်။ ကုန်းထိကရုံးနှင့် ရေထိကရုံးဟူ၍နှစ်မျိုးရှိသည်။ ရခိုင်လို ရှက်ပင်ဟု ခေါ်သည်။ ထိကရုံးပင်၏ ရုက္ခဗေဒအမည်မှာ မီမိုဇာ ပူဒီကာ(Mimosa Pudica) ဖြစ်ပြီး အင်္ဂလိပ်အမည် (Sensitive Plant၊ Sleeping Grass) ဟုလည်းခေါ်ကြသည်။ အချို့တိုင်းပြည် များတွင်မူ အမွှေးစုတ်ဖွားပန်းရောင်အပွင့်လေးများ၏ အသွင်သဏ္ဌာန်ကို အစွဲပြုကာ (powder puff) ဟုခေါ်ကြသည်။

ထိကရုံးပင်၏ အမြင့်မှာ (၂)ပေ ခန့်ထိမြင့်တတ်ပြီး ပန်းပွင့်ပန်းရောင်လေးများသည် အချင်း (၁) စင်တီမီတာခန့်ရှိပြီး စက်လုံးပုံ လုံးဝိုင်းပြီး ပန်းပွင့်လေး ရဲ့ အမွေးစုတ်ဖွားထိပ်လေးမှာ မျိုးစေ့ များရှိကာ ထိုမျိုးစေ့များမှ မျိုးပွားသည်။ အစေ့များဟာ အပူချိန် (၇၀) ဒီဂရီဖာရင်ဟိုက် ၌ (၁၄) ရက်မှ (၂၁) ရက်အတွင်း အပင်ပေါက်ပါသည်။

ထိကရုံးပင်၏ အရွက်စိမ်းစိမ်းများသည် မိုးရေစက်ထိလျှင်သော်လည်းကောင်း၊ လေတိုက်လျှင် သော်လည်းကောင်း၊ လက်ဖြင့် ထိတို့မိလျှင်သော်လည်းကောင်း အရွက်များသာ ညှိုးလိပ်သွားသော ကြောင့် အထိမခံသော အပင်ဟု လူတွေက ပြောဆိုသတ်မှတ်ကြသည်။ အရွက်ကိုစပြီးထိလိုက်သည့် နေရာမှ အစပြုကာ (chain reaction) ဖြစ်ပြီး တစ်ပင်လုံးကို ပြန့်နှံ့ သွားကာ တစ်ပင်လုံးရှိအရွက်များ တခဏအတွင်းမှာပဲ ညှိုးလိပ်သွားသည်။ သို့သော်လည်း တခဏအတွင်းမှာပင် အရွက်များသည် မူလပုံ အသွင်သဏ္ဌာန်ကို ပြန်လည်ရောက်ရှိလာသည်။ ညနေစောင်းနေဝင်ချိန်များမှာလည်း ထိကရုံးပင်၏ အရွက်များသည် ညှိုးလိပ်သွားပြီး ညဘက်အချိန်တွင် အိပ်တတ်သည့် အပင်ဖြစ်သည်။

ထိကရုံးပင်သည် ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ အရိုင်းပေါက်ပင် ဖြစ်၍ ဆူးရှိ၏။ အခက်အလက် များတွင် အမွေးကြမ်းများ ရှိ၏။ ရိုးတံ နီ၏။ အရွက်သည် ရှားရွက်ကဲ့သို့ သေးငယ်သည်။ ရွက်ညှာ မရှိသလောက် ဖြစ်၏။ ရွက်မြွာများသည် ကျဉ်းမြောင်း၍ ရှည်မျောမျော ပုံဖြစ်ပြီး ရွက်ပြား ပြောင်ချော ၏။ ထိကရုံးပင်၏အပွင့်သည် အပွင့်သေး၍ ပန်းရောင်ရှိသည်။ ပန်းခိုင်ထီးတည်းထွက်၏။ ပန်းခိုင်ထိပ် တွင် ပန်းပွင့်များ ဘောလုံးသဏ္ဌာန်စုပြုံပွင့်၏။ နန်းလုံးကြိုင်ပွင့်နှင့် တူသည်။ ဝါခေါင်၊ တော်သလင်းလ တွင် ပွင့်သည်။ အသီးသည် ၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် သီးသည်။

 ထိကရုံးပင်၏ အရွက်၊ အမြစ်၊ ပဉ္စငါးပါးလုံးသည် အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ ဖြစ် သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာ၀အလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။

ကုန်းထိကရုံးပင်၏ အရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။ မြင်းသရိုက်လိပ်ခေါင်းရောဂါအတွက် အရွက်ကို အမှုန့်ပြု၍ နို့နှင့်သောက်လျှင် ပျောက်၏။ အမြစ်ကို သွေး၍လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။ အမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌ တည်သောကျောက်ကိုပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။ ပဉ္စငါးပါးကိုကြိတ်၍ ရေနှင့် ဖျော်လူးပါက ဖောရောင်ခြင်း ကို ကျစေသည်။ ရောင်အမ်းသောအနာဖြစ်က ထိကရုံးပဉ္စငါးပါး ကြိတ်၍ရသောအရည်ကို ရောင်အမ်းသောနေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။ သွေးအန်၊ သွေးကျ၊ ဝမ်းရောဂါ ပျောက်ဆေး၊ ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ် ဖော်စပ် အသုံးပြု၍ရနိုင်သည်။ အမျိုးသမီးများ သားမြတ်လျော/ ပျော့ဖတ်နေပါက ကုန်းထိကရုံးကို သွေးလိမ်း ပါက ပြန်လည်တင်းမာစေသည်။

ရေထိကရုံးပင်ကို ငါးရှဉ့်နှင့်ကြော်စားလျှင် ဒူလာသွေးဝမ်းပျောက်သည်။ ကြက်သားနှင့် ကြော် စားပါက အနာကျက်စေသည်။ ငါးကြင်းနှင့်ကြော်စားလျှင် ဆီးအောင့်ပျောက်သည်။ ဆိတ်သားနှင့် ကြော်စားလျှင် ရင်ကြပ်ပျောက်စေသည်။ အမဲသားနှင့်ကြော်စားပါက သွေးအန်တာကို ပျောက်စေသည်။

ထောပတ်နှင့်ကြာ်စားလျှင် လေရောဂါပျောက်သည်။ ငါးရံ့နှင့်ကြော်စားလျှင် ဆီးအိမ်ကိုက်တာ ပျောက် သည်။ ငါးကျည်းနှင့်ကြော်စားလျှင် ဆီးကြိတ်ရောင်တာပျောက်သည်။ ပုစွန်နှင့်ကြော်စားလျှင် သွေးအား တက်စေသည်။ ရေထိကရုံးပင်၏ သတ္တုရည်ကိုသောက်လျှင် ကျောက်ကပ်သန့်ရှင်းစေပြီး ဆီးနံ့ဆိုး တာနှင့် ကိုယ်နံ့ နံ့သာ သက်သာပျောက်ကင်းစေသည်။ ရေထိကရုံးပင်ကို သုပ်စားပြုတ်စား၍ သော် လည်းကောင်း၊ အတို့အမြှုပ်အဖြစ်သော်လည်းကောင်း အမျိုးမျိုးလုပ်စားနိုင်သည်။

          ထိကရုန်းပင်သည် ကျန်းမာရေးအတွက် အမျိုးမျိုးသော အထောက်အပံ့ပေးသော်လည်း အခြားကျန်းမာရေးအတွက် ဆေးသောက်နေရတာမျိုးရှိလျှင် တွဲမသောက်မိဖို့အတွက်လည်း အရေးကြီး ပါသည်။ ထို့အပြင် နို့စို့ကလေးနှင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ၊ သွေးပေါင် ကျတတ်သူများ၊ သွေးချိုကျတတ်သူများနှင့် ဆီးချိုအတွက်ဆေးသောက်နေရသူများ၊ သွေးကျဆေးသောက်နေရသူများလည်း အသုံးပြုရန်မသင့်ကြောင်းသိရသည်။

          ထိကရုံးပင်သည် သဘာဝဆေးဖက်ဝင် အပင်ဖြစ်သော်လည်း အလွန်အကျွံသုံးစွဲတာမျိုးနှင့် သေချာသန့်စင်ခြင်းမရှိပဲ သုံးစွဲလျှင် ခန္ဓာကိုယ်ကို ထိခိုက်စေတတ်ကြောင်းသိရသည်။

DOCA(ရှမ်း)