Main menu

တမူးမြို့တွင် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပက်ခြင်း ကွင်းပြပွဲကျင်းပ

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရဖွံ့ဖြိုးရေး ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပက်ခြင်း ကွင်းပြပွဲကို တမူးမြို့၊ မြို့မအုပ်စုရှိ တောင်သူ ဦးဇင်မင်းထိုက်၏ ကွင်းအမှတ်၂၅၅/A ဦးပိုင်အမှတ် ( ၄၈ ) လယ်မြေ ( ၅ ) ဧကတွင် သရုပ်ပြစိုက်ပျိုးပြုလုပ်ခဲ့ကြောင်း သိရသည်။

              ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပက်ခြင်းကွင်းပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဦးဆန်းဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကြီးကြပ်မှုကော်မတီများ၊ တောင်သူများတက်ရောက်ကြပြီး မြို့နယ်ဦးစီးမှူး ဦးဆန်းဦးမှ မြေဆီလွှာ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်အတွက် ဓာတ်မြေသြဇာလျှော့ချအသုံးပြုပြီး သဘာဝမြေသြဇာဖြစ်သော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာကို အစားထိုးသုံးစွဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်များ၊ မျိုးစေ့နှုန်းထားများ၊ စိုက်ပျိုးချိန်နှင့်ရာသီဥတု အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး လက်တွေ့ပြသစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။  

             ပိုက်ဆံလျှော်သည် မြေချဉ်ငံကိန်း ( ၅-၈.၅ ) ရှိသော မည်သည့်မြေ အမျိုးအစားမဆို စိုက်ပျိုးနိုင်ပြီး နုံးမြေသည် အသင့်တော်ဆုံးဖြစ်ပါကြောင်း၊ မြေညံ့သည့် သဲဆန်သော ဒေသများတွင်လည်း အခြားသီးနှံများ စိုက်ပျိုးရန်မရနိုင်သော်လည်း ပိုက်ဆံလျှော် စိုက်ပျိုး နိုင်ကြောင်း၊ အစေ့စိုက်ပျိုး ၄၅ ရက်ကြာလျှင် သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပြီး မိုးသီးနှံ စိုက်ပျိုးရန် ထယ်မှောက်ပြီး ၁၅ ရက်၊ ဆောင်းသီးနှံ ထယ်မှောက်ပြီး ၁ လ နေလျှင် ထွန်မွှေပြီး သီးနှံစိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း၊ သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းအားဖြင့် မြေဆီလွှာအတွင်းရှိ သီးနှံပင်များနှစ်သက်သော အာဟာရများတိုးပွားစေခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု လျော့နည်းစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေခြင်း၊ ရောဂါပိုးမွှားနှိမ်နင်းရန်အတွက် အသုံးဝင်ခြင်းစတဲ့အကျိုး ကျေးဇူးများရရှိမှာဖြစ်ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)