Main menu

တောင်ငူမြို့တွင် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံအသိပညာပေးဆွေးနွေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒီဇင်ဘာလ ၁၇ ရက် နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူမြို့ရှိ စားသုံးဆီလက်လီလက်ကား ရောင်းချသူများအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အွန်လိုင်းဝန်ဆောင်မှု နှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးက စားသုံးဆီရောင်းချရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် စားသုံးဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချရန်ကိစ္စ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း အမှန်တကယ်နေထိုင်သည့် အိမ်ထောင်စုတိုင်းအား အညီအမျှရောင်းချပေးနိုင်ရေးကိစ္စ၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပေါင်းပြီး နှစ်ရာခိုင်နှုန်းထက်မပိုဘဲအမြတ်တင်ရောင်းရန် ညွှန်ကြားချက်အား တိကျစွာလိုက်နာဆောင်ရွက်ရန် ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

       ဆက်လက်၍ ခရိုင်ဦးစီးမှူးသည် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံလက်မှတ်ရရှိမှသာ ဆောင်ရွက်ရန် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ရာ အွန်လိုင်းဖြင့်ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားကြရန်နှင့် အွန်လိုင်းမှဝယ်ယူသူများအနေဖြင့်လည်း မှတ်ပုံတင်လက်မှတ်ရရှိသူများထံမှသာ ဝယ်ယူကြရန် အွန်လိုင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေး ပြောကြားခဲ့ပါသည်။

          ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူမြို့မှ စားသုံးဆီလက်လီလက်ကားရောင်းချသူ ၂၃ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)