Main menu

ဆန်ကွဲ ၂၅ မှတ် ဆန်များကို ပိုမိုတင်သွင်းရန် ကုန်သည်များသို့ ဖိလစ်ပိုင်အစိုးရ တိုက်တွန်း

Powered by Drupal

  ဈေးနှုန်းပိုမိုသက်သာသော ဆန်များ လိုအပ်ချက်ရှိနေသဖြင့် ဆန်ကုန်သည်များ အနေဖြင့် ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်သောဆန်များကို ၎င်းတို့၏ ဆန်တင်သွင်းမှု၌ တစ်စိတ်တစ်ပိုင်းပါဝင် တင်သွင်းရန်လိုအပ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုထားပါသည်။

   ဇန်နဝါရီ ၅ ရက်နေ့၌ ထုတ်ပြန်သော ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြေညာချက် တစ်ရပ်တွင် စိုက်ပျိုးရေးအတွင်းဝန် Francisco P. Tiu Laurel, Jr. က ဆန်ကွဲ ၂၅ မှတ်ဆန်များကို ပိုမိုတင်သွင်းခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ စားသုံးသူများအနေဖြင့် ဈေးနှုန်းသက်သာသည့်ဆန်များကို ပိုမိုဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

   ဖိလစ်ပိုင်ဆန်ကုန်သည်များသည် ပုံမှန်အားဖြင့် ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်သောဆန်ထက် ဈေးနှုန်းပိုမိုမြင့်မားသည့် ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်များကိုသာ တင်သွင်းလေ့ရှိသည်။  ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ဈေးနှုန်းစောင့်ကြည့်မှု အချက်အလက်များအရ မနီလာမြို့တော် ရှိ ဈေးကွက်များတွင် ဇန်နဝါရီ ၂ ရက်နေ့၌ ကောင်းမွန်စွာကြိတ်ခွဲထားမှု အဆင့်အတန်းရှိသော ဆန်ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၄၂ မှ ၅၂ အကြားရှိနေချိန်တွင် သာမန် စက်ကြိတ် အဆင့်ရှိသော ဆန်အား ၃၈ ပီဆိုမှ ၄၀ ပီဆိုအတွင်း ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။

     ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနသည် မနီလာမြို့တော် တစ်ဝန်းရှိ ဈေးများတွင် KADIWA ဟု ခေါ်ဆိုသော လူတိုင်းအတွက်ဆန်ရောင်းချမှု အစီအစဉ် (Rice-for-All) အရ ဆန် ၁ ကီလိုဂရမ်လျှင် ပီဆို ၄၀ နှုန်းဖြင့် အများပြည်သူသို့ ရောင်းချပေးသည့် ဆန်ဆိုင်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိသည်။ လက်ရှိ အချိန်အထိ မြို့တော်နယ်နိမိတ်အတွင်း KADIWA ကုန်စည်ဗဟိုဌာန ၄၀ ကို ဖွင့်လှစ်လျက် အခြေခံလူသုံးကုန်များ၊ အဓိကကုန်စည်များ၊ လူတိုင်းအတွက်ရောင်းချသည့်ဆန်များနှင့် ဝင်ငွေ နည်းပါးသူများအတွက် ၁ ကီလိုဂရမ်လျှင် ၂၉ ပီဆိုနှုန်းဖြင့် ရောင်းချပေးသော ဆန်များကို ပုံမှန် ထောက်ပံ့ရောင်းချလျက်ရှိသည်။ ထို့အပြင် KADIWA ဆန်ဆိုင် ၂၆ ဆိုင်ကို လူစည်ကားရာဈေးများ နှင့် မြို့တွင်းရထားဘူတာရုံများတွင် ဖွင့်လှစ်ထားရှိပြီး စားသုံးသူများသို့ ဆန်များ ရောင်းချပေး လျက်ရှိသည်။

   အဆိုပါဦးစီးဌာန အနေဖြင့် ၂၀၂၈ ခုနှစ်အထိ ကာလအတွင်း  KADIWA ကွန်ရက်ကို နေရာ ၁၅၀၀ တိုင်အောင် တိုးချဲ့သွားရန် ရည်ရွယ်ထားကြောင်း၊ ယခုနှစ်ကုန်တွင် KADIWA ကုန်စည်ဗဟို ဌာန ၁၇၉ ခုဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ ဆန်ကုန်သည်များနှင့် တင်သွင်းသူများအား ဈေးနှုန်းသင့်တင့်သည့် ဆန်များ ပိုမိုတင်သွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်နည်းတူ စပါးစိုက်တောင်သူများကိုလည်း ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အကျိုးအမြတ်တိုးတက်လာစေရေး ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Business World Online, January 6, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)