Main menu

မလေးရှား၏ ဒီဇင်ဘာလ စားအုန်းဆီလက်ကျန် သုံးလမြောက် ဆက်လက်ကျဆင်း

Powered by Drupal

၁၈။    မလေးရှားနိုင်ငံ၌ လတ်တလော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းမှုကို ထိခိုက် စေခဲ့သည့်အတွက် စားအုန်းဆီထုတ်လုပ်မှု ကျဆင်းလျက်ရှိပြီး သိုလှောင်မှုလက်ကျန်မှာလည်း ဒီဇင်ဘာလ၌ ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကား၍ မလေးရှားအခြေစိုက် The Star Online သတင်းဌာနက ၆-၁-၂၀၂၅ နေ့တွင် ရေးသား ဖော်ပြပါသည်။

၁၉။    မလေးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ စားအုန်းဆီလက်ကျန်မှာ တန်ချိန် ၁.၇၆ သန်း ခန့်ရှိပြီး နိုဝင်ဘာလထက် ၄.၄၂ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိကြောင်း Reuters ကကောက်ယူခဲ့သည့် ကုန်သည် ၁၁ ဦး၊ ဆီအုန်းစိုက်ပျိုးသူများနှင့် လေ့လာသုံးသပ်သူများ၏ ခန့်မှန်းချက်အရ သိရ ကြောင်း ဖော်ပြပါရှိပါသည်။

၂၀။     မလေးရှားနိုင်ငံ၌ မကြာသေးမီက မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့အပြီးတွင် ကုန်လက်ကျန် နည်းပါးမှုမှာ  ကြိုတင်ခန့်မှန်းတွက်ဆချက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆီလန်ဂေါအခြေစိုက် Pelindung Bestari ပွဲစားဒိုင်အဖွဲ့မှ ဒါရိုက်တာ Mr. Lingam Supramaniam က ပြောကြားခဲ့ သည်။ ကမ္ဘာ့ ဒုတိယအများဆုံး စားအုန်းဆီ ထုတ်လုပ်သည့် မ‌လေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံရိတ်သိမ်းမှုကို ထိခိုက်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် ထုတ်လုပ်မှုမှာ ကျဆင်းဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ကလည်း ဒီဇင်ဘာလ အစောပိုင်းတွင် ခန့်မှန်းထားခဲ့သည်။

၂၁။     ဒီဇင်ဘာလ စားအုန်းဆီကြမ်း အထွက်ပမာဏသည် ၄ လဆက်တိုက် ကျဆင်းမှုအဖြစ် ၈.၅၃ ရာခိုင်နှုန်း လျော့ကျလျက် တန်ချိန် ၁.၄၈ သန်းခန့်သာရှိနိုင်ပြီး ၂၀၂၄ ခုနှစ် ဧပြီလနောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း စစ်တမ်းကောက်ယူရာတွင် တွေ့ရှိခဲ့သည်။

၂၂။     အထူးသဖြင့် ဘရာဇီးနိုင်ငံတွင် ပဲပုပ်သီးနှံများ ရိတ်သိမ်းထွက်ရှိမှု ပိုလျှံများပြားခြင်းကြောင့် စားသုံးဆီဝယ်လိုအားသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်၌ ပဲပုပ်ဆီသို့  ပြောင်းလဲဝယ်ယူမည့် အလားအလာများရှိကြောင်း၊ ပြိုင်ဘက်စားသုံးဆီများ၏ ဈေးနှုန်းများကျဆင်းမှုက စားအုန်းဆီ ဈေးနှုန်းကို ဆက်လက်ထိန်းကျောင်းလိမ့်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောနှောအသုံးပြုမည့် ဇီဝဒီဇယ်ဆီ (B40) အစီအစဉ်နှင့်ပတ်သက်၍ မသေချာမရေရာ ခြင်းကလည်း စားအုန်းဆီဈေးကွက်ကို အားလျော့စေသည့် သက်ရောက်မှုတစ်ခုဖြစ်ကြောင်း ဒါရိုက်တာ Mr. Lingam က ဆက်လက် ပြောကြားခဲ့သည်။

၂၃။     မလေးရှားနိုင်ငံ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စားအုန်းဆီကို အခြေခံသည့် ထုတ်ကုန် ပစ္စည်းများ တင်ပို့မှုမှာ ၂ လ ဆက်တိုက် ကျဆင်းမှုအဖြစ် ၇.၅၅ ရာခိုင်နှုန်း လျော့နည်းလျက် တန်ချိန် ၁.၃၈ သန်းခန့်သာ ရှိနိုင်ကြောင်း စစ်တမ်းတွင် ဖော်ပြသည်။

၂၄။     ကုန်တင်ကုန်ချ စစ်တမ်းကောက်ယူသည့်အဖွဲ့များ၏ အချက်အလက်များက မလေးရှား နိုင်ငံ၏ စားအုန်းဆီ တင်ပို့မှု လျော့နည်းနေသည်ကို ဖော်ပြလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာ လ ထုတ်လုပ်မှုသည် ကြိုတင်မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့သဖြင့် ဈေးကွက်အတွင်း ဒီဇင်ဘာလ ထုတ်လုပ်မှု ကိန်းဂဏန်းအချက်အလက်များကို မြင်တွေ့ရရန် စိတ်အားထက်သန် နေပြီဖြစ်ကြောင်း၊  ဒီဇင်ဘာလ ထုတ်လုပ်မှုတွင် မထင်မှတ်ထားသည့် ကျဆင်းမှုဖြစ်ပေါ်လာပါက စားအုန်းဆီဈေး ကျဆင်းမှုအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုဖြစ်ပေါ်လာနိုင် ကြောင်း နယူးဒေလီအခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

၂၅။     မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) အနေဖြင့် လစဉ်ထုတ်ပြန်သည့် စားအုန်းဆီ ဆိုင်ရာ အချက်အလက်များကို ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု သိရှိရ ကြောင်း The Star Online သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြအပ်ပါသည်။

Source: The Star Online,   6th Jan, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့) DOCA(Domestic)