စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၅.၂၀၂၂) ရက်နေ့တွင် Online ပေါ်တွင်ရောင်းချနေသည့် “ရသေ့ဆေး” ဟု ခေါ်ဆိုသည့် ထိုင်းတိုင်းရင်းဆေးများ စစ်တွေမြို့မဈေးအတွင်း ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ယင်း “ရသေ့ဆေး” (သို့) ထိုင်းတိုင်းရင်းဆေးသည် ထိုင်းနိုင်ငံ၏ FDA က ဘေးအန္တရာယ်ရှိ သည့်ဆေးအဖြစ် ထုတ်ပြန်ထားသည့် ဆေးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဖြစ်ကြောင်းသိရှိရသည့်အတွက် ဈေးကွက်အတွင်းရောင်းချမှုမရှိ စေရေး၊ မိဘပြည်သူများအနေဖြင့် ၎င်းဆေးအား သုံးစွဲမှုမရှိစေရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ စေရန် ရည်ရွယ်၍ သွားရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေမြို့ မြို့မဈေးအတွင်း ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရပြီး စစ်တွေမြို့နယ်တာဝန်ခံက ရောင်းချသည့်ဆေးဆိုင် လုပ်ငန်းရှင်များအား “ရသေ့ဆေး”(သို့) ထိုင်းတိုင်းရင်းဆေးသည် Online ပေါ်တွင် အကိုက်အခဲ ရောဂါပေါင်းစုံပျောက်ဆေးအဖြစ် ကြော်ငြာရောင်းချနေကြောင်း၊ ၎င်းဆေးအား ထိုင်းနိုင်ငံမှ ဘေးအန္တရာယ်ရှိသည့် ဆေးအဖြစ်ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဖြစ်၍ သုံးစွဲသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် မှာယူရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)