ထိုင်းနိုင်ငံတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ရိတ်သိမ်းထွက်ရှိမှု အမြင့်မားဆုံးကာလမတိုင်မီ၌ တောင်သူများအတွက် ဈေးနှုန်းများ တည်ငြိမ်မှုရရှိစေရန် ရည်ရွယ် လျက် ရှဲလော့ (shallots) ခေါ် ကြက်သွန်နီလုံးရှည်များအား အင်ဒိုနီးရှားနှင့် ဗီယက်နမ် ဈေးကွက် များသို့ တင်ပို့ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဖြစ်ကြောင်း ဗန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါသည်။
ထိုင်း လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း ထိုင်းနိုင်ငံ၏ ရှဲလော့ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုမှာ ယခင်နှစ်ကထက် ၂.၆၉ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁၅၂၂၂၁ တန်ခန့် ရှိနိုင်ကြောင်း၊ ပြည်တွင်းဈေးကွက်၏ ဝယ်လိုအားမှာ တန်ချိန် ၁၄၀၀၀၀ မှ ၁၅၀၀၀၀ အတွင်းရှိမည်ဟု ခန့်မှန်းရကြောင်း သိရှိရသည်။
Si Sa Ket ပြည်နယ်သည် ပြည်တွင်း ရှဲလော့ကြက်သွန်နီ ထုတ်လုပ်မှု စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၈၀၇၇၁ ခန့်ဖြင့် စိုက်ပျိုးမှု အများဆုံးဒေသအဖြစ် ဆက်လက်တည်ရှိ မည်ဖြစ်ပြီး Rasri Salai, Yang Chum Noi နှင့် Kanthararom ခရိုင်များမှ အဓိကစိုက်ပျိုး ထုတ် လုပ်ခြင်းဖြစ်သည်။ အဆိုပါပြည်နယ်၌ ကြက်သွန်နီလုံးရှည်များအား ဆက်လက်ရိတ်သိမ်းလျက် ရှိပြီး ဇန်နဝါရီလမှ မတ်လအတွင်း ကာလသည် ထွက်ရှိမှုအမြင့်ဆုံးရာသီဖြစ်သည်။ Lamphun နှင့် Chiang Mai တို့ကဲ့သို့ အခြားသော ပြည်နယ်များမှလည်း မကြာမီ ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်သည်။
ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် တောင်သူများထံမှ သီးနှံများ အား တိုက်ရိုက်ဝယ်ယူစေရေးအတွက် စီးပွားရေးလုပ်ငန်း အစုအဖွဲ့များစွာနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်လျက်ရှိပြီး ကြက်သွန်နီ ရိတ်သိမ်းသည့်ရာသီကာလတစ်လျှောက် ယင်းသို့ အားထုတ် ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါပြည်နယ်သို့ မကြာသေးမီက ခရီးသွားရောက်ခဲ့အပြီး၌ ပြည်တွင်းကုန်သွယ်မှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က ယခုနှစ် သီးနှံရာသီတွင် Si Sa Ket မှ ထွက်ရှိသော ရှဲလော့ကြက်သွန်နီသည် သာလွန်ကောင်းမွန်သည့် အရည်အသွေးရှိကြောင်း၊ သို့ရာ တွင် အထွက်များပြားလာသည်နှင့်အမျှ ဈေးနှုန်းများမှာ ကျဆင်းလာကြောင်း၊ ၎င်းတို့ဌာန အနေ ဖြင့် ကြက်သွန်နီများ တင်ပို့နိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ အင်ဒိုနီးရှားသံရုံးနှင့် ညှိနှိုင်းဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း၊ အင်ဒိုနီးရှားသည် အဓိကဈေးကွက်ဖြစ်သော်လည်း စိန်ခေါ်မှုများရှိနေခြင်း ကြောင့် တင်ပို့မှုလုပ်ငန်းစဉ်များ နှောင့်နှေးမှုဖြစ်ပေါ်လျက်ရှိ ကြောင်း၊ အင်ဒိုနီးရှား၏ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုမှာ ထိုင်းနိုင်ငံ၌ ရိတ်သိမ်းထွက်ရှိချိန်နှင့် ကိုက်ညီမှုမရှိသည့်အပြင် ရှဲလော့ ကြက်သွန်နီ ဝယ်လိုအား ခိုင်မာကောင်းမွန်သဖြင့် ပို့ကုန်တင်ပို့နိုင်မည့် အခွင့်အလမ်းဖြစ်ပေါ်လျက် ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း အဆိုပါ ရှဲလော့ ကြက်သွန်နီ အမျိုးအစားကို အင်ဒိုနီးရှား ထံမှ တင်သွင်းရမှု ရှိကြောင်း ပြောကြားခဲ့သည်။
ထိုင်းကြက်သွန်နီလုံးရှည်၏ သာလွန်သောအရည်အသွေးနှင့် အရသာကောင်းမွန်မှုတို့အရ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့မှလည်း ဝယ်ယူရန်စိတ်ဝင်စားမှုပြသလျက်ရှိရာ ထိုင်းအစိုးရ အနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အလေးပေးဖြေရှင်းရန် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်သည်။ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း လတ်ဆတ်ကြက်သွန်နီ၊ မျိုးကြက်သွန်နီနှင့် အခြောက်ခံကြက်သွန်နီများ အပါအဝင် ရှဲလော့ကြက်သွန်နီ ၁၅၃၂၄ တန်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၀.၈ သန်း ရရှိခဲ့ကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ် ကာလ တူ၌ တင်ပို့မှုထက် ၁၃.၃ ရာခိုင်နှုန်း ပိုမိုခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အထူးသဖြင့် မိုးတွင်းကာလ ဖြစ်သော ဩဂုတ်လမှ နိုဝင်ဘာလများအတွင်း ပြည်တွင်းလိုအပ်ချက်အရ ထိုင်းနိုင်ငံသည် ရှဲလော့ ကြက်သွန်နီ ၁၅၁၈၁ တန်ကို ပြည်ပမှ ပြန်လည်တင်သွင်းခဲ့ရကြောင်း၊ မြန်မာနိုင်ငံထံမှ ၄၆ ရာခိုင်နှုန်းဖြင့် အများဆုံးတင်သွင်းခဲ့ပြီး အင်ဒိုနီးရှားထံမှ တင်သွင်းမှုမှာ ၄၁ ရာခိုင်နှုန်းရှိကြောင်း၊ ကျန်ပမာဏကို တရုတ်နိုင်ငံထံမှ ရယူတင်သွင်းခဲ့ကြောင်း သိရှိရသည်။
Source: Bangkok Post, 2 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)