Main menu

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ဗီယက်နမ်ဆန်ဈေးနှုန်းများ မြင့်တက်ဖွယ်ရှိ

          ဧပြီလနှောင်းပိုင်း၌ အရှေ့အလယ်ပိုင်း‌ဈေးကွက်မှ ဝယ်လိုအားကြောင့် ထိုင်းဆန်ဈေးနှုန်း မြင့်တက်ခဲ့သည့်မှအပ အာရှဆန်‌ဈေးကွက်တည်ငြိမ်ခဲ့သော်လည်း အမေရိကန်လယ်ယာစိုက်ပျိုးရေး ဈေးကွက်၌မူ ဂျုံ၊ ပြောင်းနှင့်ပဲပုတ်တို့၏ ကုန်သွယ်မှုကျဆင်းခဲ့ကြောင်း၊ ဧပြီလနောက်ဆုံးအပတ်အတွင်း  ထိုင်းနိုင်ငံမှ (5% Broken) ဆန်‌ဈေးနှုန်းမှာ ယခင်အပတ်ကထက် (၂၂ ဒေါ်လာ)ခန့်မြင့်တက်ခဲ့ကြောင်း၊ အီရန်၊အီရတ်နိုင်ငံတို့မှ ဝယ်လိုအားများအပြင် ဆော်ဒီအာရေဗျနှင့်ဆက်ဆံရေးတိုးတက်လာသဖြင့် ထိုင်းဆန်များကို ဝယ်လိုအားတက်လာခြင်းဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်စကများမှာ  ထိုင်းဆန်တင်ပို့မှုအတွက် အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း၊ ဧပြီလ (၂၈)ရက်တွင် ဗီယက်နမ်နိုင်ငံမှ (5% Broken)ဆန်‌ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၄၁၅)ရှိခဲ့ပြီး ဈေးနှုန်းမပြောင်းလဲခဲ့သော်လည်း ဆောင်းရာသီ၊နွေဉီးရာသီရိတ်သိမ်းမှုပြီးစီးလုပြီဖြစ်ကာ ရောင်းလိုအားနည်းလာသောကြောင့် လာမည့်ရက်သတ္တပတ်များတွင် ဈေးတက်ဖွယ်ရှိ၍ ကုန်သည်များအနေဖြင့် ပို့ကုန်စာချုပ်အသစ်များ ချုပ်ဆိုရန်တွန့်ဆုတ်နေကြကြောင်း၊ ဟိုချီမင်းဆိပ်ကမ်းမှ မေလ(၄)ရက်နေ့တွင် တန်ချိန်(၃၀၀၉၉၀) တန်နှင့် မေလ(၅)ရက်နေ့တွင် တန်ချိန်(၄)သောင်းသင်္ဘောတင်ခဲ့ပြီး ၎င်းဆန်များကို ဖိလစ်ပိုင်၊ အာဖရိကနှင့်ကျူးဘားတို့သို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ လက်ရှိရာသီတွင်  ဘင်္ဂလား‌ဒေ့ရှ် အစိုးရက လယ်သမားများထံမှ ဆန် ပိုမိုဝယ်ယူနေရာ မေလ(၇)ရက်နေ့မှစ၍ ပြည်တွင်းစိုက်ပျိုးသူများထံမှ ဆန် နှင့်ဂျုံ တန်ချိန်(၁.၈)သန်းကို ဆင်းရဲနွမ်းပါးသူများကိုဝေငှပြီး ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရန် ‌ဆောင်ရွက်မည့်အရှေ့တောင်အာရှနိုင်ငံများအတွက် အလွန်အရေးပါသည့်ရွေ့လျားမှုဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွား‌ရေးသံမှူးပေးပို့သည့်သတင်း)

အော်ဂဲနစ်ဆန် စိုက်ပျိုးရေးပြန်လည်မြှင့်တင်ရန်ညွှန်ကြားထား

          လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ရန်နှင့် လယ်ယာကဏ္ဍရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်  အော်ဂဲနစ်ဆန်များ အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် တာဝန်ရှိဌာနဆိုင်ရာများအား အစိုးရကညွှန်ကြားထားကြောင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပဆောင်ရွက်ခဲ့သည့် အမျိုးသား ဆန်စပါးမူဝါဒ‌ကောင်စီအစည်းအဝေးတွင် ဆက်စပ်ဌာနဆိုင်ရာများအနေဖြင့် အော်ဂဲနစ်ထုတ်ကုန် ဈေးနှုန်းမြှင့်တင်ရေးစီမံကိန်း ဒုတိယအဆင့်(၂၀၂၂-၂၀၂၅)တွင် လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွားကြရန်အမိန့်ပေးခဲ့ကြောင်း၊ လယ်သမားများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်မြှင့်တင်ရန်အတွက်  သုတေသန၊စိုက်ပျိုးမွေးမြူရေးနှင့် ဆန်စပါးဆိုင်ရာနည်းပညာလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက် သွားကြရန် သက်ဆိုင်ရာဌာနများအား တာဝန်ပေးအပ်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ရေရှည်တွင် ဈေးနှုန်း အာမခံချက်အတွက် ၎င်း၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချသင့်သည်ဟု ပြောကြားခဲ့ကြောင်း၊

အမျိုးသား ဆန်စပါးမူဝါဒ‌ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး လယ်သမားများ၏ ကိုယ်စားလှယ်ဖြစ်သူက အစိုးရ၏ မြှင့်တင်ရေးမူဝါဒပြတ်တောက်မှုသည်  အော်ဂဲနစ်ဆန် စိုက်ပျိုးမှုအတွက်  အဓိကအတားအဆီးတစ်ခု ဖြစ်ကြောင်း၊ အစိုးရနှင့် လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးများအပြောင်းအလဲက ‌အော်ဂဲနစ်ဆန်စိုက်ပျိုးရေးကိစ္စအား ရပ်တန့်စေခဲ့ကြောင်း၊ အစိုးရအနေဖြင့် အော်ဂဲနစ်ဆန်တိုးမြှင့်စိုက်ပျိုးရေးအတွက် စိတ်ဝင်စားမှုနည်းပါးသည်ဟု အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း၊ အစိုးရဌာနဆိုင်ရာများအနေဖြင့်  ၂၀၂၂-၂၀၂၅ ခုနှစ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်သစ်များကို ပိုမိုအလေးထားဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ အမျိုးသားဆန်စပါးမူဝါဒကောင်စီအနေဖြင့် ယခုနှစ်အတွင်း အော်ဂဲနစ်ဆန် စိုက်ပျိုးရေးအတွက် ထောက်ပံ့ငွေ ဘတ်(၁၄၆)သန်းအား အတည်ပြုပေးခဲ့ပြီး ဈေးကွက်ရရှိရေးနှင့် အရည်အသွေး စံချိန်စံညွှန်းတိုးတက်ရေးအတွက် တောင်သူလယ်သမားများအားကူညီပေးရန် အစိုးရဌာနဆိုင်ရာများအား ညွှန်ကြားထားကြောင်း၊ ထိုင်းအော်ဂဲနစ်ဆန် စိုက်ပျိုးသည့်လယ်သမားများအနေဖြင့် အခွင့်အရေးများစွာရှိနေရခြင်းမှာ ၂၀၂၁ ခုနှစ်တွင်  တရုတ်၊ ဂျပန်နှင့်ဥရောပသို့ အော်ဂဲနစ်ဆန်တန်ချိန် (၁၀၀,၀၀၀) တင်ပို့ရောင်းချရန်အတွက်  လယ်သမားများအနေဖြင့် ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းအသင်းများအား ထူ‌ထောင်ထားခဲ့ပြီးဖြစ်ခြင်းကြောင့် အလားအလာကောင်းများရှိနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့စီးပွား‌ရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်ဈေးကွက်သို့ RCEP လှိုင်းစီးသွားသောအရှေ့တောင်အာရှသီးနှံများ

          ၂၀၂၂  ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော ကမ္ဘာ့အကြီးဆုံးလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်သည် ယခုနှစ်ရောင်းအားကို ထပ်မံမြှင့်တင်ပေးလျှက်ရှိပြီး RCEP အဖွဲ့ဝင် နိုင်ငံများအကြား ကုန်စည်ကုန်သွယ်မှု၏ ၉၀% ကျော်မှာ တစ်ဖြေးဖြေးချင်း စည်းကြပ်ခွန် ကင်းလွတ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ ဦးဆောင်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကြီးတစ်ခုက ဒူးရင်းသီး သေတ္တာ (၁၀၀) လက်ခံရရှိထားပြီး ရောက်ရှိလာပါက ဖြန့်ဝေသွားမည်ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒူးရင်းသီးများသည် ယခုနှစ်တွင် ဈေးနှုန်းမြင့်တက်နေသော်လည်း ရောင်းအားကောင်းနေသည်ဟု ပြောကြားခဲ့ကြောင်း၊ ဒူးရင်းသီးများသည် တရုတ်နိုင်ငံတစ်ဝန်း အစားအသောက်ချစ်သူများ၏ အရသာတွေ့မှုကိုသိမ်းပိုက်ထားပြီး ၂၀၂၁ ခုနှစ်တွင် လတ်ဆတ်သစ်သီးတင်သွင်းမှုပမာဏမှာ ၂၀၁၇ ခုနှစ်ကထက် ၄ ဆရှိခဲ့ကြောင်း၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နန်နင်းရှိ ထိုင်းနိုင်ငံသားတစ်ဉီးက ထိုင်းနိုင်ငံရှိ၎င်း၏ မိသားစုပိုင်သစ်သီးခြံမှ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့သည့် စီးပွားရေးကိုလုပ်ကိုင်လျှက်ရှိပြီး လွန်ခဲ့သောနှစ်များအတွင်း တည်ငြိမ်သောဖောက်သည် အရင်းအမြစ်ရရှိခဲ့ကြောင်း၊ ကွမ်ရှီးကျွမ့်ဒေသတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းက နယ်စပ်ဖြတ်ကျော် သစ်သီးကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရန် အခြေခံအဆောက်အအုံနှင့် အအေးခန်းထောက်ပံ့သယ်ပို့မှုသို့ အားဖြည့်ပေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံမှဒူးရင်းသီးများအပြင် မလေးရှားနိုင်ငံမှ ဒူးရင်းသီးများမှာလည်း တရုတ်နိုင်ငံတွင် လူကြိုက်များလျှက်ရှိကြောင်း၊ တရုတ်နိုင်ငံ နှင့်မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းများသည် ဒူးရင်းသီးကုန်သွယ်ရေးတွင် အာရုံစူးစိုက်မှု ရရှိလာ သည့်အနက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူစာချုပ်(၁၁)ခုကို လတ်တလော လက်မှတ်ရေးထိုးထားကြောင်း၊ RCEP အောက်တွင်  တရုတ်နိုင်ငံနှင့်မလေးရှားနိုင်ငံတို့သည် စီးပွားရေးနီးကပ်မှုနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ထူထောင်နိုင်မည်ဟု မလေးရှား နိုင်ငံတကာကုန်သွယ်‌ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide မှ ရရှိသည့်သတင်း)

ဂျုံတင်ပို့ရန်လျာထားချက်ရုပ်သိမ်းပြီး ဂျုံတင်ပို့မှုစတင်ပိတ်ပင်

          အိန္ဒိယနိုင်ငံအစိုးရကဂျုံတင်ပို့မှုကို မေလ ၁၄ ရက်တွင် စတင်ပိတ်ပင်ခဲ့ကြောင်း၊ ကမ္ဘာ့ဈေးကွက်ထဲသို့ အိန္ဒိယ ဂျုံတန်ချိန် ၁၀ သန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တင်ပို့ရန်လျာထားကြောင်း၊‌ မော်ရိုကို၊ တူနီးရှား၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ထိုင်း၊ဗီယက်နမ်၊ တူရကီ၊ အယ်လ်ဂျီးရီးယားနှင့်ဘက်ဘနွန် စုစုပေါင်း နိုင်ငံ(၉)နိုင်ငံသို့ ဂျုံတင်ပို့ရောင်းချရန် ကိုယ်စားလှယ်အဖွဲ့များစေလွှတ်မည်ဟု ထုတ်ပြန်ကြေငြာခဲ့ပြီး ယခုအခါ မူဝါဒ ဂ ငယ်ကွေ့ ကွေ့လိုက်ခြင်းဖြစ်ကြောင်း၊ Letter of Credit (LC) ထုတ်ပြီးသည့် ဂျုံတင်ပို့မှုများကို ခွင့်ပြုမည်ဟုဆိုကြောင်း၊ ဂျုံကို မရှိမဖြစ်လိုအပ်နေသော နိုင်ငံများအနေဖြင့် နိုင်ငံ အစိုးရက တောင်းဆိုသည့်အခါ သုံးသပ်စိစစ်ပြီး တင်ပို့ခွင့်ကို ခွင့်ပြုပေးမည်ဟုဆိုကြောင်း၊ ရုရှားနှင့် ယူကရိန်းကျူးကျော်စစ်ကြောင့် ၎င်းတို့ထံမှဂျုံများ ကမ္ဘာ့ဈေးကွက်ထဲသို့စီးဝင်မှု အလွန်နည်းပါးနေချိန်တွင်  ဂျုံထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံထံမှ ဂျုံကို ဝယ်လက်များက အားထားနေရချိန်၌ ယခုကဲ့သို့ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယဂျုံ မရနိုင်တော့သဖြင့် ကမ္ဘာ့ဂျုံ ဈေးနှုန်း မြင့်တက်သွားမည်ဖြစ်ပြီး အာရှနှင့်အာဖရိကမှ မချမ်းသာသည့်နိုင်ငံများအနေဖြင့် ဂျုံတင်သွင်းရန် အခက်ကြုံကြမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံတွင် မတ်လလယ်၌ အပူလှိုင်း ကျရောက်ခဲ့ပြီး ဂျုံ အထွက်နှုန်းကျဆင်းခဲ့ကာ ပြည်တွင်း ဂျုံဈေးနှုန်း စံချိန်တင် မြင့်တက်နေသဖြင့် ဂျုံ တင်ပို့မှု ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ ဂျုံတစ်တန်လျှင် ရူပီး ၂၅၀၀၀ (၃၂၂.၇၁ ဒေါ်လာ) ပေါက်ဈေး ဖြစ်ပေါ်နေကြောင်း၊ ဧပြီလ၌ ဂျုံတန်ချိန် ၁.၄ သန်းစံချိန်တင် တင်ပို့ခဲ့ပြီး မေလတွင် ပြည်ပတင်ပို့ရန် ရောင်းချထား ပြီးသည့် ဂျုံတန်ချိန် ၁.၅ သန်း ဝန်းကျင်ရှိကြောင်း၊၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဂျုံ မက်ထရစ်တန်ချိန် ၇ သန်း စံချိန်တင် တင်ပို့ခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၂.၀၅) ဘီလီယံရှိပြီး ဂျုံတင်ပို့မှု စုစုပေါင်း၏ ၅၀ % ဝန်းကျင်ကို ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှ ရရှိသည့်သတင်း)