ကျွန်မသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတစ်ယောက်ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေဖြင့် ကနဦးစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အစားထိုးပြင်ဆင်သည့် ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ယနေ့အချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ ဟောပြောဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ “လူတိုင်းဟာစားသုံးသူဖြစ်တယ်၊ စားသုံးသူတိုင်းမှာစားသုံးသူအခွင့်အရေးရှိတယ်” ဟူသော ကျွန်မတို့ဌာန၏ အလွန်ထိမိသည့်စာစုလေးကို လူတိုင်းကြားဖူးမည်ဟု မျှော်လင့်ပါသည်။ ကျွန်မတို့ဌာန၏ ဟောပြောဆွေးနွေးပို့ချတဲ့သူများသည်လည်း ဤစကားစုလေးနဲ့အစချီမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်ကျွန်မခေါင်းထဲတွင် အတွေးလေးတစ်ခုဝင်လာခဲ့ပါသည်။ ကျွန်မတို့ နိုင်ငံတွင်ရှိသည့် ထိခိုက်လွယ်သော အုပ်စုထဲတွင်ပါဝင်သည့် မသန်စွမ်းသူများက စားသုံးသူအခွင့် အရေးအပြည့်အဝရရှိပြီးလားဟူသည့် အတွေးလေးတစ်ခုသာဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနများက စားသုံးသူအသိပညာပေးခြင်းများကို မြို့ပြလူနေမှုမှသည် ကျေးရွာ အခြေပြုနေထိုင်သော ပြည်သူများအထိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟောပြောဆွေးနွေးပို့ချ လျက်ရှိကြောင်းတင်ပြပါမည်။
စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်သည့်အုပ်စုများတွင် စားသုံးသူပြည်သူများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသင်းအဖွဲ့များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသော စီးပွားရေး လုပ်ငန်းရှင်များနှင့် ပါဝင်ဆောင်ရွက်သူများ၊ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူ၊ မသန်စွမ်းသူ၊ စာမတတ်သူ၊ အသက်အရွယ်ကြီးသူ၊ ကလေးသူငယ်စသည့် အားနည်းထိခိုက်လွယ်သော စားသုံးသူ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ (အခြေခံပညာ၊ သက်မွေးပညာနှင့် အဆင်မြင့်ပညာ) အစရှိသည့် အုပ်စုများ ပါဝင်ကြောင်း အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) တွင် ပြဌာန်းထားရှိပြီး ဌာနအနေဖြင့်လည်း အဆိုပါအုပ်စုများကို ဟောပြောဆွေးနွေး ပို့ချလျက်ရှိပါသည်။
အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) တွင် သတ်မှတ်ပါဝင်သည့် အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူနှင့်မသန်စွမ်းသူများကို ဟောပြောဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ ကျွန်မမှအဓိကထား တင်ပြသွားမည်ဖြစ်ပါသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ ပြည်ထောင်စုလွှတ်တော်အမှတ်(၃၀)ဖြင့် ပြဌာန်း ထားပြီးဖြစ်ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅) ပုဒ်မ(က)အရ မသန်စွမ်းသူ ဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကိုဆိုသည်ဟု အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။
ကျွန်မတို့ပတ်ဝန်းကျင်တွင် မသန်ပေမယ့်စွမ်းသည်ဆိုသည့်မသန်စွမ်းများရှိလာသည်ကို လည်း ကျွန်မတို့မှမြင်တွေ့လာရပါသည်။ ကျွန်မအနေဖြင့် ယခုဆောင်းပါးလေးရေးမည်ဟု စဉ်းစား နေစဉ်တွင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်သည့် Tik Tok တွင် အမြင်အာရုံမသန်စွမ်း အမျိုးသမီးတစ်ဦးဖြစ်သည့် မ.........သည် အိမ်တွင် ကော်ဖီ၊ မုန့်စသည့်အစားအသောက်များ စားသည့်အခါ မုန့်၏ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သည့် Expire Date ကို ဆိုင်ရှင်ကိုလည်း မမေးမိခဲ့ဘူး အိမ်တွင် ကူညီပြောပေးနိုင်သောသူများမရှိသောကြောင့် Expire Date ဖတ်၍ရသော Mobile Application Software တစ်ခုကို တွေ့မိ၍ ထို Software အကြောင်းကို knowledge sharing လုပ်ပေးသော Video File ကိုတွေ့မိသောအခါတွင် ကျွန်မတို့အနေဖြင့်အဆိုပါ လူပုဂ္ဂိုလ် များကို ကာကွယ်မှုများ ဆောင်ရွက်ရန်လိုအပ်လာသည်ဟု ခံစားမိသည်နှင့်တစ်ပြိုင်နက် ကျွန်မတို့ ဌာန၏အရေးပါပုံလေးကိုလည်း ယှဉ်တွဲမြင်မိပါသည်။ ကျွန်မတို့အနေနဲ့ ထိုမသန်စွမ်းသူများအတွက် စားသုံးသူအသိပညာပေးဖို့လိုတယ်၊ စားသုံးသူအခွင့်အရေးရရှိဖို့လိုတယ်၊ စားသုံးသူနစ်နာဆုံးရှုံး မှုများနှင့်ပတ်သက်ပြီး သိသင့်တယ်ဆိုတဲ့အတွေးပိုမိုခိုင်မာသွားပါသည်။
ကျွန်မတို့၏ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် (၁၁-၁-၂၀၂၃) ရက်နေ့တွင် နားမကြားသောကလေးများကျောင်း(မန္တလေး) အား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ဖူးပါသည်။ အဆိုပါကျောင်းရှိ ဆရာ/ဆရာများက ကျွန်မတို့ဟောပြောဆွေးနွေးသူနှင့် ကျောင်းသူ/ကျောင်းသားများအကြား ၎င်းတို့နားလည်သည့် ဘာသာ စကားဖြစ်သည့် လက်သင်္ကေတပြဘာသာစကားများ အသုံးပြု၍ပေါင်းကူးတံတားလေးသဖွယ် ဆက်သွယ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲအပြီး အမေး/အဖြေကဏ္ဍတွင်လည်း ထင်မှတ်မထားလောက်အောင် သူတို့၏စိတ်ဝင်စားမှုများကို ကျွန်မတို့မြင်တွေ့ခဲ့ရပြီး ကျွန်မတို့ ဟောပြောသူများကလည်း ကျွန်မတို့တတ်သိနားလည်သည့်အတိုင်း ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ကျွန်မတို့ဌာနရဲ့ စားသုံးသူအသိပညာပေး ပန်းဖလက်လေးများကို စိတ်ဝင်တစား ဖတ်ရှုနေကြသည်ကိုလည်းတွေ့ခဲ့ရပါသည်။ မသန်စွမ်းသူများစွာရှိသည့်အနက် နားမကြားသူများ အနေဖြင့်ကျွန်မတို့ဝေမျှသည့် ပန်းဖလက်ကိုဖတ်နိုင်သည့်အနေအထားမျိုး တွေ့ရှိရသော်လည်း အမြင်အာရုံမသန်စွမ်းသူများအတွက် ကျွန်မတို့၏ဟောပြောချက်များကို နားဖြင့်နားထောင်နိုင် သည့်အပြင် စာပေအနေဖြင့်ဖတ်ရှုနိုင်ရန် သူတို့နားလည်မည့်ဘာသာစကားဖြင့် စီစဉ်ဆောင်ရွက် သင့်ပါကြောင်း အကြံပြုသုံးသပ် တင်ပြလိုက်ရပါသည်။
ကျွန်မဆောင်းပါးနိဒါန်းတွင်ပြောခဲ့သည့်အတိုင်း ကျွန်မသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ယောက်ဖြစ်ပါသည်။ ကျွန်မတို့ စားသုံးသူကာကွယ်ရေးကိစ္စများဆောင်ရွက်ရာတွင် “မလှူတတ် ဈေးရောင်း” ဟူသည့် စကားပုံ လေးအတိုင်း ဌာနတာဝန်များဆောင်ရွက်ရာတွင် ပရဟိတစိတ်ဓာတ်များအခြေပြု၍ လူတိုင်းစားသုံးသူ အခွင့်အရေးများအပြည့်အဝရရှိအောင် ဆောင်ရွက်သွားသင့်ပါကြောင်း ဆန္ဒပြုဆုတောင်းရင်း ကျွန်မ ဆောင်းပါးလေးအဆုံးသတ်ပါမည်။ နောက်များတွင်လည်း ဆက်လက်ရေးသား တင်ပြပါဦးမည်။
DOCA(မန္တလေး)