Main menu

ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥစိုက်)တောင်သူများ အကျိုးအမြတ်များစွာရရှိနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ကိုင်းကျွန်း မြေနှင့် ကုန်းတွင်းပိုင်းမြေမာများတွင် မိုးကြက်သွန်နီ(ဥစိုက်) ဧက(၉၀၀)ခန့်ဒေသစီးပွားဖြစ် နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ကြက်သွန်နီဈေးကွက်ခိုင်မာပြီး ဈေးကောင်းရရှိခြင်းကြောင့် ယခု နှစ်တွင် စိုက်ဧက(၁၀၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလဆန်းမှ နိုဝင်ဘာလကုန်ထိ စိုက်ပျိုးကြပြီး ဒီဇင်ဘာလလယ်မှ ဇန်နဝါရီလကုန်ထိ တူးဖော်ရိတ်သိမ်းရကြောင်း၊ ယခုနှစ်တွင် ဈေးနှုန်းအနေဖြင့် သီးနှံပေါ်ချိန် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် အရောင်းအဝယ် ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ မိုးကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် ပွဲရုံပြတ်ဈေး ကျပ်(၂၅၀၀-၂၆၅၀-၂၈၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၃၁၅၀)ထိဈေးတက်ပြီး အရောင်းအဝယ်ဖြစ် ကြောင်း၊ ယခင်နှစ်က သီးနှံပေါ်ချိန် ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်(၂၂၀၀-၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဝယ်လိုအားကောင်း၍ ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

          ယခုနှစ် မိုးကြက်သွန်နီ(ဥစိုက်)တစ်ဧကစိုက်ပျိုးရာတွင် စိုက်ပျိုးချိန်မှ သီးနှံရိတ်သိမ်းချိန်ထိ ရာသီ ဥတုအနေအထားကောင်းမွန်ခြင်းကြောင့် သီးနှံပျက်စီးမှုနည်း၍ ကြက်သွန်နီအထွက်ကောင်း ကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှပိဿာ(၄၀၀၀-၄၅၀၀)ခန့် ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် သွင်းအားစု အမျိုးမျိုးဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ ကြီးမြင့်ခြင်းကြောင့် ကျပ်(၃၈-၄၀)သိန်းခန့် ကုန်ကျကြောင်း၊ မိုးကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၆၅၀)ဈေးဖြင့် ရောင်းချရပါကတစ်ဧကလျှင် ကျပ်(၁၀၆)သိန်းခန့် ဝင်ငွေရရှိ၍ အကျိုးအမြတ်အနေဖြင့် (၆၆)သိန်းခန့် ရရှိကြောင်း၊ မိုးကြက်သွန်နီ (ဥစိုက်)တောင်သူများ ကြက်သွန်နီဥတူးဖော်ရောင်းချချိန်တွင် ဝယ်လိုအားဈေးကွက်အပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်း ပြောင်းလဲမှုရှိသည့်အတွက် တောင်သူတစ်ဦးချင်းစီ၌ အကျိုးအမြတ်ရရှိပုံမတူညီကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ အဓိကတင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်တွင်းနေရာအနှံ့အပြားသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပပို့ကုန် အဖြစ် မြဝတီ၊ မော်လမြိုင်၊ မူဆယ်မြို့ ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့် နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ပြည်တွင်းပြည်ပ ဈေးကွက်ခိုင်မာမှုရရှိပြီး မိမိဒေသစီးပွား ဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေသည့် ပြည်ပပို့ကုန် ကြက်သွန်နီသီးနှံ ကို ဆိပ်ဖြူမြို့နယ်ရှိ စိုက်တောင်သူများမှ ဒေသစီးပွားဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)