မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့၊ ရွာအသီးသီးတွင် မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့၊ ရွာတို့၏ ဂုဏ်ဆောင်သည့် နာမည်ကျော်ကြားသော ဒေသထွက်ကုန်၊ ဒေသထုတ်ကုန်များစွာရှိကြသည်။ နေရာဒေသအသီးသီးမှ နာမည်ကျော်ကြားသော ဒေသထွက်ကုန်များဖြစ်သည့် ချည်ထည်၊ လက်မှုပညာပစ္စည်း၊ စားသောက်ကုန်၊ သယံဇာတတွေလည်းရှိသလို မြန်မာ့ဓလေ့ကို ဖော်ဆောင်သည့် ရိုးရာအစားအစာများစွာရှိကြပါသည်။ ထိုကဲ့သို့များစွာရှိသည့်အနက် မန္တလေးတိုင်းဒေသကြီး၏ မန္တလေးထိုးမုန့်သည်လည်း နာမည်ကျော်ကြားသော ဒေသထွက်ကုန်တစ်မျိုး ဖြစ်ပါသည်။
မန္တလေးမြို့သို့အလည်အပတ်ရောက်ရှိကြသူများတန်ဖိုးထားဝယ်ယူကြသည့် မန္တလေးထိုးမုန့်သည် လည်းဒေသထွက်ကုန်လက်ဆောင်တစ်မျိုးဖြစ်သည်။ စားသုံးသူများသည် ပစ္စည်းအမျိုးအမည်နှင့် အတူမြို့အမည်များကိုပါ တွဲလျက်မှတ်သားထားတတ်ကြပြီး မန္တလေးနှင့် ထိုးမုန့်သည်လည်းခွဲခြား၍ မရသောဒေသထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့တွင်ရှိသော ထိုးမုန့်ဆိုင်များမှာ TW၊ မြင့်မြင့်ခင်၊ တင်တင်အေး၊ ရွှေနှင်းဆီ၊ မမြဝင်း၊ မြတ်ရွှေစင်၊ ဝေဝေချို၊ ကြည်ရတနာ၊ မော်မော်စန်း စသည့်ဆိုင်များစွာရှိပါသည်။ ထိုနာမည်ကျော်ကြားသော ထိုးမုန့်ဆိုင်များမှရရှိနိုင်သော မုန့်အမျိုးအစား များမှာ စပါယ်ရှယ်အုန်းကြော်ထိုးမုန့်၊စပါယ်ရှယ်သီးစုံထိုးမုန့်၊ မလိုင်(ရိုးရိုး/ရှယ်) ထောပတ်ထိုးမုန့်၊ အထူးစပါယ်ရှယ်သီးစုံမလိုင်ထောပတ်ထိုးမုန့်၊ စပါယ်ရှယ်မလိုင်ဆိမ့်ထိုးမုန့်၊ သီဟိုဠ်ဆိမ့်ထိုးမုန့်၊ သီဟိုဠ်မလိုင်ဆိမ့်ထိုးမုန့်၊ ထန်းလျက်ထိုးမုန့်၊ ချိ(စ့်)ထိုးမုန့်များအပြင် ဂျယ်လီပူတင်း/ ပူတင်း အမျိုးမျိုး၊ ဆနွင်းမကင်းအမျိုးမျိုး၊ ယိုအမျိုးမျိုး၊လမုန့်အမျိုးမျိုးနှင့်အခြားမုန့်များလည်းရရှိနိုင် ပါသည်။ဈေးနှုန်းများအနေဖြင့် ထိုးမုန့်၂၅ကျပ်သားတစ်ထုပ်လျှင် ရိုးရိုး/ရှယ် အမျိုးအစားအလိုက် ကျပ်(၅၅၀၀/- မှ ၇၀၀၀/-)ထိ၊ ပူတင်း၂၅ကျပ်သား တစ်ထုပ်လျှင် ကျပ်(၇၅၀၀/-မှ၁၀၅၀၀/-ထိ)၊ ဆနွင်းမကင်း၂၅ကျပ်သားတစ်ထုပ်လျှင်ကျပ်(၇၅၀၀/-)၊လမုန့်(၁၀)ခုပါတစ်ဗူးလျှင်ကျပ်(၄၀၀၀/-မှ၉၀၀၀/-)ဖြင့်ရောင်းချပေးလျက်ရှိပြီး ဈေးကွက်အနေဖြင့် အခြားမြို့များသို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)