Main menu

ရာသီစာချဉ်‌ပေါင်ဖူးစျေးကွက်

Powered by Drupal

              မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းစိုက်ပျိုးသည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှ စိုက်ပျိုးသည့်ကုန်စိမ်းများနေ့စဉ် အများအပြား ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်းကုန်စိမ်းစျေးနှင့် သီရိမာလာကုန်စိမ်းဈေးတို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ အဓိကထားရောင်းချလျက်ရှိသည့် လက်လီ/ လက္ကားစျေးများဖြစ်ပြီး၊ မြို့ပေါ်ရှိစျေးငယ်များမှတဆင့် ဝယ်ယူရောင်းချကြကြောင်း သိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံဝင်ရောက်သည့်အမယ်များအနက်  စားဖိုဆောင်ဟင်းလျာတစ်မယ်ဖြစ်သည့် ချဉ်ပေါင်ရွက်နှင့်ချဉ်ပေါင်သီးမှာ အိမ်တိုင်းစားသုံးသည့်ဟင်းတစ်မျိုးဖြစ်ပါသည်။ ချဉ်ပေါင်ပင်မှာ ရာသီမရွေးစိုက်ပျိုးသည့်ဟင်းသီးဟင်းရွက်ဖြစ်ပြီး၊ချဉ်ပေါင်ပင်မှာ တစ်ပင်လုံးအကျိုးရှိရှိသုံးနိုင် ကြောင်း သိရပါသည်။ ချဉ်ပေါင်ပင်မှ အဖူးထွက်သည့်အထိထားရှိသည့် ချဉ်ပေါင်ဖူးအား ဆောင်း ရာသီစာအဖြစ် စားသုံးကြကြောင်း သိရှိရပါတသည်။ ချဉ်ပေါင်ဖူးစားသုံးခြင်းဖြင့် ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B1,B2,B3 ၊ ဗီတာမင် C ၊ မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ဖော့ဝင်တို့ ပါဝင်သည့်အတွက်သွားနှင့်သွားဖုံးများကျန်းမာစေခြင်း၊ အရိုးသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်း များနှင့်ကြွက်သားများဖွဲ့စည်းမှုတိုးတက်ကောင်းမွန်စေခြင်း၊ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ ဝမ်းမှန်စေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ မောပန်းမှုကို လျော့နည်းစေခြင်း၊သွေးတွင်းအဆီဓာတ်ကိုကျစေခြင်း၊ ဓာတ်တိုးဆန့်ကျင်သည့်အာနိသင်များရှိခြင်း၊ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်သောစိတ်ခံစားချက်များလျော့ကျစေခြင်း၊ ရောင်ကိုင်းခြင်းကို သက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေကြောင်း သိရပါသည်။ ချဉ်ပေါင်ဖူးကို ဟင်းအဖြစ်ကြော်စားခြင်း၊ ချက်စားခြင်း၊ထောင်းစားခြင်း၊အခြောက်ခံ၍ ချဉ်ပေါင်ဖူးရေနွေးကြမ်း အဖြစ်သောက် သုံးခြင်း၊ ယိုထိုးခြင်း၊ ချဉ်ပေါင်ဖျော်ရည်၊ချဉ်ပေါင်ဖူးဂျယ်လီ၊ဖျော်ရည်မှုန့်၊ ရှာလကာရည်၊ဖေျာ်ရည်မှုန့်၊ သောက်‌ဆေးများ၊ ချဉ်ပေါင်ဖူးဝိုင်၊ ချိုချဉ်၊ တော်ဖီ၊ သရေစာမုန့်၊ မျက်နှာပေါင်းတင်မှုန့်တို့ ပြုလုပ်စားသုံးကြကြောင်းသိရပါသည်။ ချဉ်ပေါင်ဖူးများအား စျေးကွက်အတွင်း ပြည်ချိန်ဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်းရောင်းချလျက်ရှိပြီး၊ဇန်နဝါရီလဒုတိယပတ်တွင် ချဉ်ပေါင်ဖူးစျေးနှုန်း အနေဖြင့် တစ်ပိဿာလျှင် လက္ကားစျေး ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-၊လက်လီစျေး ၄၅၀ဝိ/-နှင့် ၅၅၀ဝိ/-စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။သီရိမာလာစျေးကုန်စိမ်းလက်လီ/လက္ကား စျေးသို့ ဟင်းသီးဟင်းရွက်မျိုးစုံဝင်ရောက်မှုအနေဖြင့်  နေ့စဉ် Canter (၆ ဘီး)(၁၂ဘီး) ယာဉ် (၄၀)စီး နှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်းပြီး ရာသီစာချဉ်ပေါင်ဖူးအမယ်မှာ ဇန်နဝါရီလ ဒုတိယ ပတ်အတွင်းအရောင်းသွက်သည့် ကုန်စိမ်းသီးနှံအမယ်တစ်မျိုးဖြစ်ပါကြောင်း ကုန်စိမ်းရောင်းချသည့် ဆိုင်ရှင်တစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။