Main menu

ဝင်ရောက်မှုများလာသည့်လိမ္မော်သီးဈေးကွက်

Powered by Drupal

             လိမ္မော်သီးထွက်ရှိရာ ဒေသများဖြစ်ကြသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ညောင်ရွှေမြို့နှင့် ပြင်ဦးလွင်မြို့များမှ လိမ္မော်သီးများ မန္တလေးမြို့သို့ ဝင်ရောက်လျက်ရှိ ပါသည်။  လိမ္မော်သီးများကို  မန္တလေးမြို့တွင်းရှိ သစ်သီးပွဲရုံများမှ တစ်ဆင့်ဝယ်ယူကြပြီး မြို့တွင်းရှိဈေးများနှင့် လမ်းဘေးဈေးသည်များမှ အများအပြားရောင်းချလျက်ရှိ‌နေကြောင်း သိရသည်။ လိမ္မော်သီးကို ကျန်းမာရေးအတွက်လည်း စားသုံးနိုင်သလို သရေစာအဖြစ်လည်း စားသုံးကြကြောင်း၊ လိမ္မော်ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ကြောင်း၊ လိမ္မော်သီးကိုစားသုံးခြင်းဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ဝမ်းချုပ်ခြင်းကိုသက်သာနိုင်စေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေနိုင်ခြင်း၊ သွေးတိုးကျစေနိုင်ခြင်း၊ အရေပြားကျန်းမာရေးအတွက်ကောင်းမွန်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ကိုက်ခြင်းတို့ကို သက်သာစေခြင်းနှင့် အစာခြေစနစ်ကို ကူညီပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရောင်းချနေသော လိမ္မော်သီးအမျိုးအစားများမှာ ပျားလိမ္မော်သီး၊ ရွှေလိမ္မော်သီးနှင့် ရိုးရိုးလိမ္မော်သီးဟူ၍ရှိပြီး ရိုးရိုးလိမ္မော်သီးမှာ အရွယ်အစားအလိုက် လိမ္မော်သီး(၁)လုံးလျှင်(၅၀၀/၆၀၀/၇၀၀)ကျပ်၊ ပျားလိမ္မော်သီး (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် ရွှေလိမ္မော်သီး(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လိမ္မော်သီးရောင်းချသူများနှင့် သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(မန္တလေး)