စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ( ၁၄ )ရက်နေ့ နံနက်( ၀၈:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.ထ.က(၁)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသောမုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံးလက်အိတ်များသုံးစွဲခြင်း၊ ယင်လုံဇကာများဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
ကျောင်းမုန့်ဈေးတန်း၌ မုန့်ရောင်းချနေသူများအနေဖြင့် အစားအသောက်များကိုင်တွယ်ရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)