
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုး ရေးလုပ်ငန်းဖြင့် နှစ်စဉ် စီးပွားဖြစ်လုပ်ကိုင်ကြပြီး ဆန်စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ကြက်သွန်ဖြူနှင့် စားတော်ပဲ၊ ပဲပုတ်၊ ထောပတ်ပဲတို့ကို ရာသီအလိုက် စိုက်ပျိုးကြပြီး အဓိကသီးနှံအဖြစ် ဆီထွက်သီးနှံမြေပဲကို ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးလျက်ရှိပါသည်။ ရေမြေရာသီဥတုကောင်းမွန်၍ ဒေသစိုက်ပျိုးရေးလုပ်ငန်းများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ်အတွင်းရှိ ဝက်လက်၊ လုံးပေါင်၊ ဒေါသ၊ သရပ်ခါ၊ အနောက်ဖက်၊ မြောက်ဖက်၊ တလင်းကျေးရွာများ၌ ပင်ပြန့်(၄)လမြေပဲ အတောင့်ကြီးမျိုးကို စိုက်ဧက(၄၅၀၀)ခန့် စိုက်ပျိုးထားရှိ ကြောင်း၊ ဆောင်းသီးနှံမြေပဲကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလကုန်နှင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တူးဖော်ရိတ်သိမ်းကြောင်း၊ (၁)ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် ငွေကျပ်(၁၁)သိန်းခန့် ကုန်ကျပြီး ပျမ်းမျှအထွက်တင်းမှာ (၅၀)တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ် ဆောင်းမြေပဲမှာ အထွက်နှုန်းကောင်းမွန်ကြောင်း၊ ဒီဇင်ဘာလသီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက် အရောင်းအဝယ်ဖြစ်မှုမှာ မြေပဲတောင့်(အခြောက်)တစ်တင်းလျှင် အရည်အသွေးလိုက်၍ ကျပ်(၃၅၀၀၀-၄၀၀၀၀-၄၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် (၁)ဧက ကျပ်(၁၅) သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထီးလင်းမြို့နယ်အတွင်း ထွက်ရှိသောမြေပဲများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များမှဝယ်ယူပြီး ဒေသခံဝယ်လက်ပွဲစားများမှတစ်ဆင့် ပခုက္ကူမြို့သို့ တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံမြေပဲစိုက်တောင်သူများသည် ယခုအချိန်တွင် ပြည်တွင်းမြေပဲဆီသန့် စားသုံးမှုမြင့်မား၍ ဆီစက်လုပ်ငန်းရှင်များမှ မြေပဲအဝယ်လိုက်၍ ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိသည့်အပြင် ပြည်ပပို့ကုန်အဖြစ်တင်ပို့လျက်ရှိခြင်းကြောင့် ရောင်းလိုအားဝယ်လိုအားကောင်း၍ မြေပဲဈေးကွက်ကျဆင်းခြင်းမရှိဘဲ ဈေးကွက်ခိုင်မာမှုရှိသည့်အတွက် မြေပဲစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိခြင်းကြောင့် နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)