၁၆.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဇော်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဌေးမြင့်အောင်အမှတ်တံဆိပ် ယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင် ဒေါ်ဝင်းဝင်းဌေးနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသို့ သွားရောက်တွေ့ဆုံရာတွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် စားသုံးရန်သင့်သော ဓါတုဆိုးဆေးများကို သတ်မှတ်သည့် အချိုးအစားအတိုင်း မှန်ကန်စွာသုံးစွဲကြရန်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်၊ ထုတ်ပိုးမှုစနစ်များ သေသပ်စွာဆောင်ရွက်ရန်၊ သက်တမ်းလွန်အစားအသောက်များရောင်းချခြင်းမပြုရန်၊ အရည်အသွေးပြည့်မှီ သန့်ရှင်းကောင်းမွန်သော ကုန်ကြမ်းများဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာထုတ်လုပ်ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)