စားတော်ပဲစိမ်းသည် ရှေးယခင် မြန်မာဘုရင်များ လက်ထက်ကတည်းကပင် အလွန်စားကောင်း၍ နုညံ့သည့် အဆင့်မြင့်ပဲတစ်မျိုးဖြစ်ရာ ဘုရင်များက စားတော်ပဲဟုခေါ်ခဲ့ကြသည်။ စားတော်ပဲစိမ်းသည် လူအများကြိုက်နှစ်သက်သော ပဲတစ်ပျိုးဖြစ်ပြီး ဆောင်းရာသီတွင် ပေါ်သောရာသီစာဖြစ်သည်။ စားတော်ပဲစိမ်းကို ကြော်စားခြင်း၊ ချက်စားခြင်း၊ ကောက်ညှင်းနှင့် ပေါင်းစားခြင်း၊ ဒံပေါက်ထဲတွင်ထည့်ခြင်း၊ ကောက်ညှင်းကျည်တောက်ထဲတွင်ထည့်ခြင်းနှင့် ပဲကပ်ကြော်အဖြစ်ကြော်ပြီး ရေနွေးကြမ်းနှင့် စားသုံးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ စားတော်ပဲစိမ်းများ လှိုင်လှိုင်ပေါပြီး အနီးတဝိုက်ရှိ ကျေးရွာများမှ ရာသီစာစားတော်ပဲစိမ်းကို လာရောက်ရောင်းချ၍ ဈေးကောင်းရရှိ နေကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်းဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၁၆၀၀၀)ကျပ်၊ စားတော်ပဲစိမ်း နို့ဆီတစ်ဘူးလျှင် (၂၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)