မန္တလေးစျေးကွက်အတွင်း ပြည်တွင်းနှင့်ပြည်ပစျေးကွက်ဝင် ပဲမျိုးစုံဝင်ရောက်ရောင်းချလျက်ရှိပြီး၊ ကုလားပဲသီးနှံမှာ ပြည်တွင်းစျေးကွက်တွင် စားသုံးမှုများပြားပြီး၊ ပြည်ပသို့ တင်ပို့သည့် အမယ်တစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် ဆောင်းသီးနှံကုလားပဲအဖြစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိပြီး၊ ဖေဖော်ဝါရီလလယ်ခန့်တွင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း၌ ကုလားပဲကို ပုံစံအမျိုးမျိုးဖြင့် စားသုံးကြောင်းတွေ့ရှိရပြီး၊ ကုလားပဲလုံး၊ ကုလားပဲခြမ်း၊ ကုလားပဲအစိမ်းမှုန့်၊ ကုလားပဲအကြက်မှုန့်၊ ကုလားပဲကြော်၊ ကုလားပဲသုံးစွဲသည့်စားသောက်ကုန်များ၊ ကုလားပဲပင်ပေါက်၊ ကုလားပဲဟင်းရည်၊ အသားများဖြင့် တွဲဖက်၍ချက်စားခြင်း၊ ကြော်စား၊ နှပ်စား၊ အသုပ်အဖြစ်စားခြင်း၊ အရည်သောက်ချက်စားသုံးခြင်း၊ ကုလားပဲကြော်အား လက်ဖက်နှင့်တွဲဖက်၍ စားသုံးကြကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ အဟာရဓာတ်များစွာပါဝင်ပြီး၊ အသားဓာတ်နှင့် ကစီဓာတ်တို့ ပါဝင်သည့်အတွက် သတ်သတ်လွတ်စားသုံးသူများမှ အသားအစားထိုးစားသုံးသင့်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါသည်။ ဆောင်းသီးနှံကုလားပဲမှာ တစ်နှစ်ပတ်လုံး ပြည်တွင်းစားသုံးမှုစျေးကွက်တွင် သုံးစွဲမှုများသည့်အမယ်ဖြစ်ပြီး၊ ပြည်ပသို့ တင်ပို့သည့်စျေးကွက်လိုအပ်ချက်များသည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ထွက်ရှိသည့် ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံ ဝင်ရောက်လျက်ရှိသည့် မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ဇန်နဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကုလားပဲအမျိုးအစားအလိုက်ပေါက်စျေးများမှာ တစ်တန်လျှင် ကုလားပဲ (ဗမာ) ၂၈၆၃၂၆၃ ကျပ်နှင့် ၂၈၈၅၀၃၇ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်) ၂၈၃၀၆၀၃ ကျပ်၊ ကုလားပဲဖြူ(လုံးကြီး) ၂၉၄၁၆၁၁ကျပ်၊ တစ်ပိဿာပေါက်စျေးများမှာ ကုလားပဲ(ဗမာ)၄၆၇၆ကျပ်နှင့် ၄၇၁၁ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)၄၆၂၂ကျပ်၊ ကုလားပဲဖြူ(လုံးကြီး) ၄၈၀၃ ကျပ်အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းပြောင်းလဲမှုရှိနိုင်ကြောင်းသိရပါသည်။ ကုလားပဲသီးနှံမှာ တစ်နှစ်ပတ်လုံး စျေးကွက်လိုအပ်ချက်များပြားသည့် စျေးကောင်းရသီးနှံတစ်မယ်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)