မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထား နှင့်အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ပဲစဉ်းငုံသီးနှံမျိုးမှာ အစေ့အနီရောင်မျိုး နှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလဒုတိယပတ်အတွင်း ပဲစဉ်းငုံ နီ(၁)တင်းလျှင်ငွေကျပ် ၉၅၀၀၀ နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ငွေကျပ် ၈၇၀၀၀ ရှိခဲ့ရာ ယခုလ တတိယပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ငွေကျပ် ၈၅၀၀၀နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ငွေကျပ် ၈၂၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၁၀၀၀၀ ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၅၀၀၀ ကျပ် ကျဆင်းသွားကြောင်း ၊ ဒေသထွက်ပဲစဉ်းငုံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)