Main menu

ပန်းတောင်းမြို့နယ်တွင် မျိုးနေကြာစိုက်ပျိုးထုတ်လုပ်ခြင်းအား ကွင်းဆင်းလေ့လာ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ တောင်ဘွေအုပ်စု၊ ပဲကြီးအင်းကျေးရွာသို့ (၂၈.၄.၂၀၂၂)ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် မျိုးနေကြာစိုက်ပျိုးထုတ်လုပ်နေမှုအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

        ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံဖြစ်သော နေကြာကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး လျာထားချက်များအတိုင်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာစိုက်ပျိုးသည့် လျာထားဧကမှာ (၁၁၇၄၉)ရှိပြီး ပန်းတောင်း မြို့နယ်အနေဖြင့် ဧက (၁၀၀၀)ခန့်လျာထားပြီး ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် တောင်ဘွေအုပ်စုရှိ၊ ပဲကြီးအင်းကျေးရွာသို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ခုနှစ် မျိုးနေကြာစိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးမြင့်နိုင်ထွေး (အပါ) တောင်သူ (၁၆)ဦးနှင့် တွေ့ဆုံ၍ မေးမြန်းရာ မျိုးနေကြာစိုက်ပျိုးဧက (၂၁.၅၀) ဧကကို (၁၁.၄.၂၀၂၂)ရက်နေ့တွင် စတင်စိုက်ပျိုးထားပြီးဖြစ်ပါသည်။  နေကြာသက်တမ်းမှာ ရက်(၉၀)ခန့်သာရှိ၍ လာမည့် ဇူလိုင်လဆန်းတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း၊ မျိုးနေကြာများထွက်ရှိလျှင် နေကြာစိုက်ပျိုးသူတောင်သူများအား ရောင်းချမည့်အပြင် နေကြာအစုအဖွဲ့များ ဖွဲ့စည်းပြီး ဆီစက်လုပ်ငန်းရှင်များကုန်သည်များထံသို့ ဒေသပေါက်ဈေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရပါသည်။

        နေကြာကို သီးထပ်/သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ပြီး၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပါးခြင်း၊ အပျက်အဆီးနည်းခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသောသီးနှံဖြစ်ပါသည်။ နေကြာ စိုက်ပျိုးသူများအနေဖြင့် ရာသီဥတု၊ ရေမြေသဘာဝနှင့် အထူးသင့်လျှော်ပြီး စိုက်ပျိုးရန် လွယ်ကူသည့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလှုံမှုကို အထောက်အကူပြုသည့်အပြင် ကျန်းမာရေးအတွက်လည်း ညီညွတ်သည့် စားသုံးဆီများရရှိနိုင်ရေးအတွက် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ပါရန် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)