Main menu

ကိုက်လန်အကြောင်းသိကောင်းစရာ

Powered by Drupal

အစိမ်းရောင်ရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်ဖွယ်ရာ ဟင်းသီးဟင်းရွက်များထဲမှာ ကိုက်လန် ကို ‘‘the queen of greens’’ လို့တောင်တင်စားကြပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဗီတာမင် အေ၊ ကေ၊ စီ၊ ကယ်လဆီယမ်၊ ကော့ပါ၊ မဂ္ဂနိစ် အစရှိသော အာဟာရဓာတ်များပါဝင်သည့်အပြင် ဆေးဖက်ဝင် ဂုဏ်သတ္တိများလည်းရှိပါသည်။

ဂေါ်ဖီအုပ်စုဝင်အပင်ဖြစ်ပြီး အစိမ်းရောင်နှင့် ခရမ်းရောင်မျိုးကွဲလျက်ရှိကာ တွေ့ရအများဆုံးကတော့ အစိမ်းရောင်လှိုင်းတွန့်သဏ္ဍာန်အရွက် ကိုက်လန်မျိုးဖြစ်ပါသည်။ ကိုက်လန်တွင်ပါဝင်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများသည် ရောင်ရမ်းမှုကို ကျစေခြင်း၊ စိတ်ကျခြင်းကို သက်သာစေခြင်း ၊ ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေလျော့ချပေးခြင်း အစရှိသော အာနိသင်များရှိပါသည်။ ကင်ဆာရောဂါကို ခုခံနိုင်သည့် sulforaphane ဓာတ်တစ်မျိုးပါဝင်မှုကြောင့် ကင်ဆာဆဲလ်များ ကြီးထွားမလာအောင် ကာကွယ်ပေးပါသည်။ လူအများစုမှာ နည်းပါးနေတတ်သော သတ္တုဓာတ်နဲ့ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပြီး ဆီးချို နဲ့ နှလုံးရောဂါ အတွက် အကာအကွယ်ဖြစ်စေပါသည်။ ထို့အပြင် ကိုက်လန်မှာ ပါဝင်သည့် lutein နှင့် zeaxanthin ဓာတ်များက မျက်စိကြွက်သားများပျက်စီးခြင်း၊ တိမ်စွဲခြင်းကိုလည်း ကာကွယ်ပေးပါသည်။ သုတေသနတစ်ခုအရ ကိုက်လန်ဖျော် ရည်ကို ၁၂ ပတ်ဆက်တိုက် နေ့စဉ်သောက်ပါက အကျိုးပြုတဲ့ HDL ကိုလက်စထရောကို ၂၇% ထိမြင့်တက်စေပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို ၁၀%ကျဆင်းစေပါသည်။ အမျှင်ဓာတ်နှင့် ဆာလဖာတို့ အပြည့်အဝပါဝင် နေမှုကြောင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေတာကြောင့် အဆိပ်ဖယ်ရှား ပေးနိုင်တဲ့ အစာလို့လည်း ခေါ်ဝေါ်ကြပါသည်။ ကယ်လိုရီနည်းပြီး ရေဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ရန် အထောက်အကူပြုကြောင်းလည်း လေ့လာသိရှိရပါသည်။

ကိုက်လန်ပင်သည် အအေးကြိုက်သည့် သီးနှံပင်တစ်မျိုးဖြစ်ပြီး အပင်အမြင့်တစ်ပေကနေ တစ်ပေခွဲလောက် အထိရှိပြီး အကိုင်းအခက်တွေဟာ(၃)ပေလောက်အထိ ပြန့်ကားပါသည်။ အပင်သက်တမ်းကတော့ ၂ နှစ် အထိခံ ပေမယ့် နှစ်ချင်းစားသုံးလို့ရပြီး ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကာ ဆောင်းရာသီနှောင်းပိုင်းနဲ့ မိုးရာသီ နှောင်းပိုင်းတွေမှာ စိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်ဒေသမှာ စိုက်ပျိုးသည့် ကိုက်လန်တွေထဲမှာ မိုးမျိုးဟာ အရွက်ရှည်ပြီး ဆောင်းမျိုးက အရွက်ဝိုင်းပါသည်။ ဆောင်းမျိုးက အပင်နိမ့်လို့ရပြီး မိုးမျိုးမှာ အပင်မြင့်မှရတာဖြစ်ပြီး အပင်နိမ့်ပါက အရွက်များ ရေနဲ့ထိပြီး ပုပ်သွားတတ်ပါသည်။ မိုးမှာ စိုက်သည့်ကိုက်လန်က ဆောင်းတွင်းမှာ စိုက်သည့်ကိုက်လန်ပင် ထက် ဈေးပိုရလေ့ရှိပါသည်။

အရွက်နုများကို စိုက်ပြီး အချိန်(၁)လကြာလျှင် စတင်ခူးဆွတ်လို့ရနိုင်ပြီဖြစ်ပြီး အရွက်ရင့်ကိုခူးဆွတ် မည်ဆိုပါက (၁) လခွဲ (၂) လလောက်အထိထားပေးရမှာဖြစ်ပါသည်။ အကြမ်းအားဖြင့် စတင်စိုက်ပျိုးသည့်အချိန်မှ (၂)လခွဲခန့်တွင် ရောင်းတန်းဝင်သည့် အရွက်များရရှိနိုင်မှာဖြစ်ပါသည်။ ရာသီဉတုအေးပြီး အရွက်ရင့်လာလေ အချိုဓာတ်များလေဖြစ်ပါသည်။ ကိုက်လန်ပင်သည် တစ်ပင်စိုက်ထားလျှင် (၄-၅)ကြိမ်အထိ အရွက်များကို ခူးဆွတ် နိုင်ပြီး မိမိရဲ့ပြုစုမှုအပေါ်မူတည်၍ အရွက်ခူးဆွတ်နိုင်သည့် ကာလမှာ(၃)လအထိရှိနိုင်ပြီး ကိုက်လန် သက်တမ်းဟာ (၅)လခွဲလောက်အထိရှိနိုင်ပါသည်။ ထို့ကြောင့်ကိုက်လန်ပင်သည် ရာသီပေါ်သီးနှံဆိုသော်လည်း စိုက်ပျိုးတောင်သူ များအတွက် တွက်ချေကိုက်သည့် သီးနှံတစ်မျိုးလည်းဖြစ်ပြီး ဈေးကွက်အနေဖြင့် ကိုက်လန်တစ်စီးကို (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)