လူအများသိသော ရုံးပတီသီးကို ရခိုင်လိုချောတောက်သီးဟုလည်းခေါ်ကြပါသည်။ ရုံးပတီပင် သည် ပန်းပွင့်သောအပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်သည် ပူနွေးစိုစွတ်သောရာသီရှိသည့် ကမ္ဘာအနှံ့ အပြားတွင်ပေါက်ရောက်သည်။ ရုံးပတီပင်ကို အပူပိုင်း၊ အပူလျော့ပိုင်းဒေသတွင်စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီပင်များကို ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စိုက်ပျိုးရန်အသင့်တော် ဆုံးဖြစ်သည်။ ရေမဝပ်သောမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။
ရုံးပတီပင်များကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်း ချဉ်ငန်ဓာတ်ရှိသောမြေတွင် ပိုမို ဖြစ်ထွန်းသည်။ အစေ့များကိုမစိုက်ပျိုးမီ (၁၂)နာရီကြာ ရေစိမ်ပေးထားရသည်။ စိုက်ပျိုးရာတွင် မြေများကို တူးဆွပြီး မြေဘောင်ဖြစ်အောင်ပြုပြင်ပေးရသည်။ ခြောက်လက်မနက်သည့်ကျင်းများကို တူ၍ မြေဩဇာအဖြစ်နွားချေးနှင့်မြေဆွေးတို့ကိုထည့်ပြီး အစေ့များကိုဆွထားသည့် မြေကြီးတွင် တင်ရုံသာတင်ထားရသည်။ တစ်ပင်နှင့်တစ်ပင်(၁)ပေခြားစီထား၍စိုက်ပျိုးရသည်။
ပန်းပွင့်ချိန်နှင့် အသီးသီးချိန်တွင် ရေကို များများလောင်းရန်လိုအပ်သည်။ ရုံးပတီသီးများ(၂-၄) လက်မအထိရှည်လာသည့်အခါ(သို့မဟုတ်) ပန်းပွင့်ပြီးတစ်ပတ်ကြာလာတဲ့အခါမျိုးတွင် ခူးဆွတ်နိုင် သည်။ ရုံးပတီသီးများသည် ရင့်လွယ်သည့်အတွက် ပုံမှန်အားဖြင့် (၂)ရက်တစ်ကြိမ်ခူးဆွတ်ပေးရသည် ကိုလည်းလေ့လာသိရှိရပါသည်။
ရုံးပတီသီးကို အာလူး၊ ခရမ်းသီး၊ ပဲသီးတို့ဖြင့် ရောနှော၍ဖြစ်စေကြော်ချက်စားနိုင်သလို ငါးပိရည်နှင့်တို့စား၍လည်းကောင်း၊ မီးကင်၍လည်းကောင်းစားသုံးနိုင်သည်။ ဈေးကွက်အနေနှင့် ရုံးပတီ (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။
DOCA(ရှမ်း)