ဧရာဝတီတိုင်းဒသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စာဖိုဆောင်သုံး သီးနှံဖြစ်သော ခရမ်းချဉ်သီးနှံကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းချဉ်သီးနှံကို စက်တင်ဘာလတွင် စတင် စိုက်ပျိုးပြီး ဒီဇင်ဘာလ ပထမပတ်တွင် စတင်ခူးဆွတ်ကြကြောင်းသိရှိရပါသည်။ ဒေသမျိုး(ဂျပ်ပြား) နှင့် ထိုင်ဝမ်မျိုးများကိုအဓိကစိုက်ပျိုးကြပြီး၊ စိုက်ပျိုးမှု အနေဖြင့် မျိုးစေ့ကို ပျိုးထောင်ကာ အပင် သက်တမ်း တစ်လခန့် အချိန်တွင် မြေချစိုက်ပျိုးရပါသည်။ ခရမ်းချဉ်စိုက်ခင်း တစ်ဧကလျှင် မျိုးစေ့ ထုတ် ၆-၇ ထုတ်ခန့် စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းအနေဖြင့်စတင်ခူးဆွတ်ချိန် တစ်ဧကလျှင် ၃၀ ပိဿာမှ ၅၀ပိဿာခန့် ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် ပိုမိုထွက်ရှိသောကြောင့် တစ်ရက်ခြား တစ်ကြိမ် ခူးစွတ်ရပါသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ဒေသမျိုး(ဂျပ်ပြား)တစ်ဧကလျှင် ၁၂ သိန်းခန့်၊ ထိုင်ဝမ်မျိုး တစ်ကဧလျှင်၁၅သိန်းခန့် ကုန်ကြပြီး၊ ဈေးနှုန်းအနေဖြင့် ဒေသမျိုး(ဂျပ်ပြား) ဒိုင်သွင်းဈေးအနေဖြင့် တစ်ပိဿာလျှင် ၂၂၀၀ ကျပ် မှ ၂၄၀၀ ကျပ်ခန့် နှင့် ထိုင်ဝမ် ဒိုင်သွင်းဈေး အနေဖြင့် တစ်ပိဿာလျှင် ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့် ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဒေသမျိုး(ဂျပ်ပြား) တစ်ဧကလျှင် ၂၅၀၀၀၀၀/-ကျပ်ခန့်၊ ထိုင်ဝမ်မျိုး တစ်ဧကလျှင် ၂၈၀၀၀၀၀/-ကျပ်ခန့်ရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦး၏ပြောကြားချက် အရသိရှိရပါသည်။
DOCA(ဧရာဝတီ)