ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra သည် ဆွစ်ဇာလန်နိုင်ငံ Davos တွင် ကျင်းပ မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) တွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်များကို အရှိန်မြှင့်တင်ရန် ရည်ရွယ်၍ ကမ္ဘာလုံးဆိုင်ရာပုဂ္ဂလိကလုပ်ငန်းများမှ ထိပ်တန်းအကြီးအကဲများ နှင့် တွေ့ဆုံသွားမည်ဟု သိရပါသည်။ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Jirayu Houngsub က ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ်ဖိုရမ်အတွက် Davos သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီ လ ၂၀ ရက်နေ့က ပြောကြားခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီး Pichai Chunhavajira ၊ ဒုတိယဝန်ကြီးချုပ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့်အသိုက်အဝန်း ဝန်ကြီး Prasert Jantararuangtong ၊ စီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan နှင့် များစွာသော အဓိကအစိုးရတာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ အစီအစဉ်တွင် ထိုင်းနိုင်ငံ၏ မဟာဗျူဟာမြောက်တည်နေရာကြောင့် ၎င်းတို့အား ထောက်ပံ့ ပို့ဆောင် ရာအချက်အချာအဖြစ် ပြောင်းလဲရန် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင် ထောက်ပံ့ ပို့ဆောင်ရေး ဦးဆောင်သူအဖြစ် ဆောင်ရွက်နေသည့် DP World နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ပါဝင်ကြောင်း သိရပါသည်။ ပြောခွင့်ရပုဂ္ဂိုလ်၏အဆိုအရ ထိုအစည်းအဝေးသည် လွန်ခဲ့သည့်နှစ် WEF တွင် ယခင်ဝန်ကြီးချုပ် Srettha Thavisin ၏ ကနဦးဆွေးနွေးမှုများမှ စတင်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးချုပ်သည် ကမ္ဘာ့ထိပ်တန်း အစားအစာနှင့်အဖျော်ယမကာ လုပ်ငန်းများ ဖြစ်သည့် Nestle နှင့် Coca-Cola တို့မှ အကြီးတန်းပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရပါသည်။ Mr Jirayu က ထိုအစည်းအဝေးများသည် ကမ္ဘာ့အစားအစာထောက်ပံ့မှု ကွင်းဆက်အတွင်းသို့ ထိုင်း၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံအား ဒေသ၏ ကျန်းမာရေး နှင့် ဆေးဘက်ဆိုင်ရာ အချက် အခြာ ဖြစ်လာရန် ရည်ရွယ်၍ Bayer နှင့် AstraZeneca တို့ပါဝင်သည့် ထိပ်တန်းဆေးဝါးနှင့် ကျန်းမာရေးလုပ်ငန်းများဖြင့်လည်း တွေ့ဆုံဆွေးနွေးရန် ရှိကြောင်းသိရပါသည်။ ဝန်ကြီးချုပ်သည် ထိုဖိုရမ်အား ထိုင်းနိုင်ငံ၏စီးပွားရေးအလားအလာ ပြသရန်၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန်နှင့် ၎င်းတို့ ၏ ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်သို့ ဝင်ရောက်မှု အားကောင်းရန် ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်နေကြောင်း သိရပါသည်။ Mr Jirayu က၎င်းတို့ သည် ဆန်းသစ်တီထွင်မှုလှုံ့ဆော်ရန်၊ အနာဂတ် စက်မှုလုပ်ငန်းများတွင် လုပ်သားထုဖွံ့ဖြိုး တိုးတက်ရန်နှင့် ထိုင်းပြည်သူများနှင့် နိုင်ငံအတွက် ဝင်ငွေကောင်းနှင့် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ရည်မှန်းထားကြောင်း ပြောကြား ခဲ့ပါသည်။
DOCA(ရန်ကုန်)