Main menu

ပန်းတောင်းမြို့နယ်၊ ဖောင်းကံရွာရှိမြေအိုးလုပ်ငန်း

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ် အတွင်းတွင် အိုးလုပ်ငန်းလုပ်ကိုင်သော ဖောင်းကံရွာလေးတည်ရှိပါသည်။ ထိုဖောင်းကံရွာလေးသည် အိုးလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လျက်ရှိရာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါသည်။ ထိုရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူ (၅၀)ဦးထက်မနည်းရှိပြီး စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ ထိုအိုးလုပ်ငန်းကို အောက်တိုဘာလမှစ၍ ဧပြီလအထိလုပ်ကိုင်ကြပြီး မေလမှ စက်တင်ဘာလအထိ (၅)လကြာ အချိန်တွင် အလုပ်နားချိန်ဖြစ်ပြီး ထိုအချိန်တွင် ကုန်ကြမ်းပစ္စည်းများဖြစ်သော မြေကြီး၊ ဖွဲ၊ ထင်းများကိုစုဆောင်းထားရှိကြောင်း သိရပါသည်။ မိုးလကုန်၍ အောက်တိုဘာလတွင် အိုးများကိုဖုတ်ရန် လုပ်ငန်းခွင်သို့ဝင်ကြရပါသည်။ အိုးဖုတ်ရန် အိုးဖိုတစ်ဖိုလျှင် အလုပ်သမား (၆)ဦးခန့်လိုအပ်ပြီး အိုးအလုံးပေါင်း သောင်းပြောင်း တစ်ထောင်ခန့်ဖုတ်ရ၍ အရင်းအနှီးအနေဖြင့် တစ်ဖိုလျှင် (၃၀၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး အမြတ်အစွန်းအနေဖြင့် (၁၅၀၀၀၀)ကျပ်ခန့်ရရှိသဖြင့် ထက်ဝက်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရပါသည်။ အိုးစိမ်းဝယ်ဖုတ်သူများအနေဖြင့် တစ်ဖိုလျှင် အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀)ကျပ်သာရရှိကြောင်း သိရပါသည်။  အိုးတစ်ဖိုဖုတ်လျှင် ကြာမြင့် ချိန်မှာ (၃)နာရီခန့်သာကြာမြင့်ပြီး တစ်နေ့လျှင်အိုး တစ်ဖိုသာဖုတ်ကြောင်း သိရပါသည်။ အိုးဖုတ်ရာ တွင်ဆောင်းရာသီတွင်ဖုတ်သည့်အိုးမှာ သောက်ရေအိုးဆိုလျှင် တစ်နှစ်ပတ်လုံး ရေမှာ အေးမြမှုရှိ သည်ဟု သိရပါသည်။ ထိုကြောင့် ကျေးလက်နေ ရှေးလူကြီးသူမများက ဆောင်းရာသီတွင် ဖုတ်သည့်သောက်ရေအိုးကိုဝယ်ယူသုံးစွဲကြပါသည်။ ယခုအချိန်တွင် ခေတ်မီတိုးတက်လာ သည်နှင့် အညီ ရိုးရိုးတန်းတန်းသောက်ရေအိုးအပြင်  ဆန်းသစ်တီထွင် အဆင့်မြှင့်တင်ပြီး ဇီးကွက် သောက်ရေအိုးကိုထုတ်လုပ်လာကြပါသည်။ ထိုဇီးကွက်သောက်ရေအိုး၏ ဝင်ဆံ့ပမာဏမှာ ရေသန့်ဘူးအကြီးထက်အနည်းငယ်သာလျော့နည်းပါသည်။ ထိုဇီးကွက်သောက်ရေအိုးမှာ တစ်ချို့ ကိုဘဲနှုတ်သီးထည့်သလို တစ်ချို့ကိုဘဲနှုတ်သီး မတပ်ဘဲထုတ်လုပ်လာကြပါသည်။ ဈေးကွက်တွင် ဇီးကွက်သောက်ရေအိုးမှာ ဝယ်ယူမှုရှိ၍ ဘဲခေါင်းပါသောအိုးမှာ ဈေးကွက်တွင် တစ်လုံးလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချပြီး ဘဲခေါင်းမပါသော ဇီးကွက်အိုးတစ်လုံးလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ မြေကြီးဖြင့်ပြုလုပ်ထားသော သောက်ရေအိုးမှာ ကျန်းမာရေး အတွက်လည်းအထူးသင့်တော်ပြီး ဝယ်ယူမှုများ၍ ဇီးကွက်အိုးနှင့် ရိုးရိုးသောက်ရေအိုးများကို ဦးစားပေး၍ ထုတ်လုပ်ကြကြောင်း သိရပါသည်။ ဈေးကွက်အနေဖြင့် ဖောင်းကံရွာမှ ထွက်ရှိသော အိုးမှာ နာမည်ရ၍ အမြို့မြို့အနယ်နယ်သို့တင်ပို့ရောင်းချကြသလို မြန်အောင်၊ ကြံခင်း၊ ကံမ၊ မင်းတုန်း၊ သရက် ၊ ပြည်နှင့် ရွှေတောင်မြို့များသို့တင်ပို့ရောင်းချကြောင်း သိရပါသည်။ အိုးဈေးနှုန်းများအနေဖြင့် ရိုးရိုးသောက်ရေအိုးတစ်လုံးလျှင် ၂၀၀၀ကျပ်၊ ဖရုံသီးအိုးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းပွင့်အိုး တစ်လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းစိုက်အိုး (ခတ်အိုး)တစ်လုံးလျှင် ၁၅၀၀ကျပ်၊ ပန်းစိုက်အိုး (ထွင်းအိုး)တစ်လုံးလျှင် ၁၃၀၀ကျပ်၊ ပန်းထိုးအိုး (ကြီး)တစ်လုံးလျှင် ၇၀၀ကျပ်၊ ပန်းထိုးအိုး(သေး)ပန်းပွင့်အိုး တစ်လုံးလျှင် ၅၀၀ကျပ်၊ ပန်းထိုးအိုး(သေး) ပြောင်တစ်လုံးလျှင် ၄၀၀ကျပ်၊ အင်တုံကြီးတစ်လုံးလျှင် ၂၀၀၀ကျပ် နှင့် ငပိရည်အိုး တစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ဈေးကွက်တွင်ရောင်းချကြောင်း သိရပါသည်။

          ဖောင်းကံရွာရှိ မြေအိုးလုပ်ငန်းမှာ လူသိများ၍ နာမည်လည်းရသဖြင့်  အဝယ်များသော ဇီးကွက်သောက်ရေအိုးကို ပုံမှန်အတိုင်းထုတ်လုပ်ခြင်းမဟုတ်ဘဲ အလှအပဖြစ်အောင် ဆေးရောင် စုံခြယ်ပြီး ပိုမိုခိုင်ခန့်စွာပြုလုပ်၍ ရောင်းချမည်ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးလူသိများပြီး ပြည်တွင်း ဖြစ်ကိုရွေးခြယ်ဝယ်ယူသုံးစွဲကြလျှင် ပြည်တွင်းဖြစ်မှာလူသိများပြီး ထုတ်လုပ်သူများအဖို့ အမြတ် အစွန်းပိုမိုရရှိနိုင်မည်ဖြစ်သလို သောက်ရေအိုးအပြင် အခြားသောအိုးများကိုလည်း တန်ဖိုးမြှင့်၍ ထပ်မံတိုးချဲ့ထုတ်လုပ်သွားမည်ဆိုလျှင် ဒီထက်မက အမြတ်အစွန်းများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)