မြန်မာ့ချည်ထည်များကို အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီးအရွယ်စုံ ကြိုက်နှစ်သက် ပါသည်။ မြန်မာချည်ထည်သည် နွေဆိုအေးပြီး ဆောင်းတွင်နွေးပါသည်။ မြန်မာချည်စစ်စစ်နှင့် ချုပ်လုပ် သည့် အကွက်၊အဆင်း၊ပြောင်ရောင်စုံများကို နွေဝတ်၊ဆောင်းဝတ် ချုပ်လုပ်၍ရောင်းချကြပါသည်။ အမျိုးသမီးများအတွက် ရှပ်အင်္ကျီ၊ ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်များ၊ အမျိုးသားများအတွက် ဘောင်းဘီရှည်နှင့် သင်္ဘောသားအင်္ကျီများ၊ ကလေးဝတ်၊ ကျားရှပ်၊ ဘောင်းဘီတို၊ရှည်အရွယ်စုံနှင့် မိန်းကလေးငယ်များအတွက် ဘောင်းဘီ-အင်္ကျီဝမ်းဆက်၊ ဂါဝန်လေးများမှာ အရောင်အသွေးစုံနှင့် ချုပ်ရိုးချုပ်သားများ ကောင်းမွန်ခြင်းတို့အတွက် ကြိုက်နှစ်သက်ကြပါသည်။ မန်းမြို့တွင် မြင်းခြံ ချည်ထည်ဟုခေါ်တွင်သည့် မြန်မာချည်များကို အမျိုးသမီးဝတ်ရှပ်အင်္ကျီအကွက်စုံ စိုက်ကြီး ၉၀၀၀ ကျပ် မှ စိုက်သေး ၇၅၀၀ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ ကုတ်အင်္ကျီပုံစံအပေါ်ဝတ်များကို ပြောင်နှင့်အကွက် တွဲဆက်၍ ချုပ်ထားသည့်အင်္ကျီများမှာ ၁၄၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ ဆိုက်မျိုးစုံ၊ အကွက်ဘောင်းဘီ ရှည်နှင့် လက်ရှည်ရိုးရိုး အမျိုးသမီးဝတ် ၁ စုံလျှင် ၁၁၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ထိ ဆိုက်မျိုးစုံ အမျိုးသား ဝတ်ဘောင်းဘီရှည်နှင့် သင်္ဘောသားအင်္ကျီများမှာ ၁ စုံလျှင် ၁၃၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ထိ ဆိုက်မျိုးစုံ နှင့်ကလေးဝတ်များကို ၁၀နှစ်သားမှ ၂နှစ်သားထိ ဘောင်းဘီရှည်ရှပ်လက်ရှည် ၁ စုံလျှင် ၇၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိ ဆိုက်မျိုးစုံနှင့် မိန်းကလေးဝတ်ဂါဝန်အတိုအရှည်အတွက် အဆင်းနှင့်ပြောင်များကို ၁ ထည်လျှင် ၈၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်/၄၅၀၀ ကျပ်ထိ အရွယ်စုံစိတ်ကြိုက်ရရှိနိုင်ပါသည်။ မန္တလေးမြို့ တွင် နွေဝတ်၊ဆောင်းဝတ်၊ကလေးလူကြီးများ မြန်မာချည်ဝတ် ဝတ်စုံများကို နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်မှုရှိကြောင်း မြန်မာချည်ထည်အရောင်းဆိုင်မှ လေ့လာသိရှိခဲ့ရပါသည်။
DOCA(မန္တလေး)