မြန်မာနိုင်ငံ၏ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာ ပြင်အထက် ပေပေါင်း(၃၅၃၈)ပေမြင့်ပြီး သဘာဝတရားမှချီးမြှင့်ထားသည့် မြေဆီဩဇာကောင်း မွန်မှုနှင့်သင့်တင့်အေးမြသောရာသီဥတုတို့ကို ပိုင်ဆိုင်ထားရှိမှုတို့ကြောင့် သစ်သီးဝလံပန်းမာန် များကိုစိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဒေသခံတောင်သူများအတွက် အဖိုးမဖြတ်နိုင်သည့်မြို့တစ်မြို့ ဖြစ်သည်။ ယင်းသို့သစ်သီးဝလံပန်းမာန်များ စိုက်ပျိုးကောင်းမွန်သည့်မြေတွင် မြို့ခံလူအများသည် နှစ်ရှည်သီးနှံပင်နှင့်ရာသီစာသီးနှံပင်များကိုစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလျက် ရှိရာ ၎င်းသီးနှံများထဲမှ စတော်ဘယ်ရီသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။
‘မန္တလေးနှင့်ထိုးမုန့်’ ဆိုသကဲ့သို့ “ပြင်ဦးလွင်နှင့်စတော်ဘယ်ရီ”မှာလည်း ခွဲခြားမရပါ။ “ စတော်ဘယ်ရီသီး ” အမျိုးအစားသည် ပြင်ဦးလွင်မြို့၏ဆောင်းရာသီ ဒေသထွက်ကုန်တစ်ခု ဖြစ်သည်။ ရုက္ခဗေဒမျိုးစုအမည်ရ ”ဖာဂေးရီးယား” ဟုအမည်တွင်၍ မြန်မာအခေါ်အဝေါ်အရ “ရှမ်းဆီး”အမည်တွင်သော စတော်ဘယ်ရီသီးပင်များသည်အေးမြသောရာသီဥတုကိုအထူးနှစ်သက် ပြီးမြေပေါ်တွင်ကပ်၍ ပေါက်ရောက်သောမြေလျှောက်ပင် (Runner)အမျိုးအစားဖြစ်သည်။ဘောင် များဖြင့်စိုက်ပျိုးနိုင်၍ (၁)ဘောင်လျှင်၁၅၀ပေရှိပြီး (၁)ဘောင်နှင့် (၁)ဘောင်ကြား(၃.၅) ပေခြား စိုက်ပျိုးပြီး(၁) ဘောင်လျှင်အပင်ရေ (၂၅၀)ခန့်စိုက်ပျိုးနိုင်သည်။ စတော်ဘယ်ရီသီးပင်များကို အောက်တိုဘာလနှင့်နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီးဇန်နဝါရီလမှ ဧပြီလအတွင်း ထွက်ရှိ သည့်သီးနှံဖြစ်ကာ ဈေးကွက်ဝင်ပြီး တောင်သူအကျိုးအမြတ်ရရှိသောသီးနှံဖြစ်ပါသည်။ လက်ရှိ စတော်ဘယ်ရီသီများသည် ဇန်နဝါရီလတွင်ထိုင်ဝမ် ၊Royal-1-၈၀ထိုင်ဝမ် (အကျွတ်)မျိုး ထွက်ရှိပြီး ဖေဖော်ဝါရီလကုန်တွင်ဒေသမျိုးများထွက်ရှိသည်။ အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင် ပျမ်းမျှ ပိဿာ(၃၀၀၀-၄၀၀၀)ကြားနှင့် ၁ပိဿာလျှင် (၁၅၀၀၀/-)ကျပ် ၊အလတ်စားဘူးတစ်ဘူးလျှင် (၅၀၀၀/-)ကျပ်၊ အသေးစားနှီးခြင်းတစ်ခြင်းလျှင်(၂၅၀၀/-)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိ ရပါသည်။နေရာဒေသနှင့်အရည်အသွေးပေါ်မူတည်၍ ဈေးများမှာလည်း ကွာခြားလျက်ရှိကြောင်း စတော်ဘယ်ရီသီးများမှာလည်း နေ့စဉ်ပုံမှန်ဆွတ်ခူးရောင်းချနိုင်သော်လည်း( ၅ ) ရက်တစ်ကြိမ် ဆွတ်ခူးပါကပိုမိုကောင်းမွန်၍ အသင့်လျော်ဆုံးခူး ဆွတ်ချိန်မှာ အသီးများအနီရောင်မရင့်မှည့်မှီ အချိန်တွင်ခူးဆွတ်ခြင်းကအရောင်းအသွေးလှပပြီး အရသာပြည့်စုံသော အရည်အသွေးလှပသော အသီးများဖြစ်၍ ဈေးကောင်းများရရှိနိုင်ပါသည်။
စတော်ဘယ်ရီသီးနှံမှာ အလွယ်တကူစားသုံးရသောသီးနှံဖြစ်၍ ရောင်းအားသွက်လျက် ရှိသည်။နှစ်စဉ်စတော်ဘယ်ရီသီးထွက်ပေါ်လာချိန်တွင် ဈေးကောင်းရရှိပြီးသီးနှံလှိုင်လှိုင်ထွက်ပေါ် ချိန်တွင်တောင်သူများအပြိုင်အဆိုင်ရောင်းဝယ်မှုကြောင့် ဝယ်လိုအားထက်ရောင်းလိုအား များ၍ ဈေးကွက်သဘာဝအရဈေးနှုန်းများ ကျဆင်းကြောင်းသိရပါသည်။ စားသုံးသူများမှာလည်း နို့ဆီ၊ သကြားမလိုဘဲအရသာကောင်းမွန်ပြီး အချိုဓာတ်ပါဝင်မှုများသည့်အကျွတ်မျိုးကိုသာပိုမို ကြိုက်နှစ် သက်ကြသည်။ ဒေသမျိုးရင်းမှာအချဉ်ဓါတ်ပါဝင်မှုများပြား၍ ပြင်ဦးလွင်ဒေသထွက် ဒေသသီး များကို စတော်ဘယ်ရီဖျော်ရည်၊ စတော်ဘယ်ရီဝိုင်လုပ်ငန်း၊ ယိုလုပ်ငန်းများတွင် တန်ဖိုးမြှင့်ကုန် ချောတစ်ခုအနေဖြင့်ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
အားနည်းချက်အနေဖြင့် စတော်ဘယ်ရီသီးနှင့်စတော်ဘယ်ရီဝိုင်သည် ပြည်ပဈေးကွက် သို့တင်ပို့နိုင်ရန်ကြိုးပမ်းလျက်ရှိသေးသော်လည်းအားသာချက်အနေဖြင့် မျိုး၊မြေ၊နည်း ဟူသော စနစ်များဖြင့်ရည်သွေးကောင်းသည့်မျိုး၊ကောင်းမွန်သည့်မြေတွင်မြင့်မားသောနည်းပညာများဖြင့် စိုက်ပျိုးမှုကြောင့် အထွက်နှုန်းနှင့်အရည်အသွေးမြင့်မားလာ၍ ပြင်ဦးလွင်ဒေသထွက်စတော်ဘယ်ရီ အသီးများကို ပြည်တွင်းတင်ပို့မှုအနေဖြင့်ရန်ကုန်၊ မန္တလေးနီးစပ်ရာမြို့ကြီးများသို့ ပြည်တွင်း တင်ပို့ရောင်းခြင်းဒေသတွင်းစားသုံးမှုနှင့် ခရီးသွားလက်ဆောင်အဖြစ် ဝယ်ယူသူများပြားခြင်း ကြောင့်တောင်သူများ စီးပွားဖြစ်ထွန်းလျက်ရှိပါသည်။ ခရီးသွားပြည်သူများ အနေဖြင့်လည်း ပြင်ဦးလွင်မြို့စတော်ဘယ်ရီခြံစိုက်ခင်းများတွင် ကိုယ်တိုင်ခူးယူဝယ်ယူနိုင်သလို ပြင်ဦးလွင်မြို့ သဘာဝအလှကိုခံစားနိုင်ရန်အတွက် အလည်လာရန်ဖိတ်ခေါ်လိုက်ရပါသည်။
DOCA(မန္တလေး)