Main menu

ဆိပ်ဖြူမြို့နယ်၌ ပဲယင်း(နီ)သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်း၊ ကျွန်းမြေများတွင် ကြက်သွန်နီအပြင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာ လျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို စိုက်ဧကမများသော်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။

          ရွာသစ်ရပ်ကွက်တွင် ဂျပန်ပဲယင်း(နီ)စိုက်ဧက(၅)ဧကခန့် စိုက်ပျိုးထားရှိပြီး စိုက်တောင်သူမှ တစ်ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာကြောင်း၊ ယခင်နှစ်က စိုက်ပျိုးမှုနည်းကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသ ရာသီဥတု ကိုက်ညီမှုရှိခြင်းကြောင့် ပဲယင်း(နီ)ကို ကုလားပဲသီးနှံအစားထိုး၍စိုက်ပျိုးကြောင်း သိရသည်။ ဂျပန်ပဲယင်း(နီ)မျိုးများကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် ရိတ်သိမ်းကြောင်း၊ တစ်ဧက လျှင် ပဲယင်း(နီ) (၃)ပြည်ခန့်ကုန်ကျပြီး မျိုးစေ့တစ်ပြည်လျှင် ကျပ်(၇၅၀၀)ဈေးဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင် လွယ်ကူပြီး အလုပ်သမားငှားရမ်းမှုနည်းခြင်း၊ သွင်းအားစုသုံးစွဲမှုနှင့် ပိုးသတ်ဆေး ဖျန်းခြင်းများမပြုလုပ်ရခြင်းကြောင့် ကုန်ကျစရိတ်နည်းကြောင်း သိရသည်။

          ယခင်နှစ် ပဲယင်း(နီ)တစ်ဧက အထွက်နှုန်းမှာ တင်း(၃၀)မှ (၄၀)ထိ ထွက်ရှိကြောင်း၊ တစ်တင်း လျှင် ဒေသပေါက်ဈေး ကျပ်(၇)သောင်းဈေးဖြင့် ရောင်းချရ၍ ကျပ်(၂၁)သိန်းခန့် ဝင်ငွေရရှိပြီး ကုန်ကျ စရိတ် ကျပ်(၃)သိန်းခန့် ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၈)သိန်းခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက် အနေဖြင့် စိုက်ခင်းထွက်သီးနှံများကိုချောက်မြို့ အေဝမ်းပွဲရုံသို့ရောင်းချပြီး ထိုမှတဆင့် ဒေသတွင်း ဖြန့်ဖြူးမှုအပြင် ရန်ကုန်မန္တလေးပဲဈေးကွက်မှ ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ ပဲယင်းနီသီးနှံကို ပြည်တွင်းသုံးစွဲမှု နည်းကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီချိန်တွင် ရာသီဥတုကောင်းမွန်၍ ပဲယင်း(နီ) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မတ်လဆန်းပိုင်တွင် သီးနှံ များ ရိတ်သိမ်းမည်ဖြစ် ကြောင်း၊ ယခုသီးနှံဈေးကွက်တွင် ပဲယင်း(နီ) တစ်တင်းလျှင် ကျပ်(၉၀၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း စိုက်တောင်သူများအနေဖြင့် ယခုနှစ်သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)