နနွင်းသည် စိုက်ပျိုးရအလွယ်ကူဆုံးသီးနှံဖြစ်သည်။ အာလူး၊ ဂျင်းကဲ့သို့ပင် ဥ၊ အတက်ကို ဖဲ့စိုက်ရသော သီးနှံဖြစ်သည်။ ထိန်းသိမ်းရလွယ်ကူပြီး စရိတ်စက အနည်းဆုံးသီးနှံဖြစ်ပါသည်။ မျိုးစေ့မှ စိုက်ပျိုးခြင်း မဟုတ်ဘဲ ဥ၊ အတက် အပင်အစိတ်အပိုင်းမှ မျိုးပွားစိုက်ပျိုးခြင်းဖြစ်ပါသည်။ စတင် စိုက်ပျိုးချိန်မှ (၆) လမှ (၈)လထိကြာမြင့်ပြီး အပင်အမြင့် ၃ပေ နှင့်အထက် ကြီးမြင့်နိုင်ပါသည်။ (၈)လခန့်ကြားမြင့်လျှင် နနွင်းဥများ ကောင်းစွာရင့်မှည့်လာ ပါသည်။ နနွင်းပင်များသည် ပူနွေးပြီး စိုစွတ်သော ဒေသကို ကြိုက်နှစ်သက်ပါသည်။
နနွင်းပင်များသည်နေရာင်ကောင်းစွားရရှိခြင်းကို ကြိုက်သော်လည်း အရိပ်ရရှိလျှင် ပိုမိုကောင်းမွန်ပါသည်။ ပျမ်းမျှ အပူချိန် ၂၀ ဒီဂရီမှ ၃၀ဒီဂရီ စင်တီဂရိတ်အတွင်း ရမှသာလျှင် စိုက်ပျိုးရန် သင့်တော်ပါသည်။ နှုန်းမြေ၊ မွနေ သောမြေကို ကြိုက်နှစ်သက်ပါသည်။ မြေဆီကောင်းမွန်သောမြေကို ရေသွင်းရေထုတ်နှင့် လေဝင်လေထွက်ကောင်း သော ပုံးများ အိတ်များတွင် ထည့်သွင်း၍လည်းကောင်း စိုက်ပျိုးနိုင်သလို မြေပေါ်သို့ တိုက်ရိုက်ချစိုက်၍ လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
အအေးပိုင်းတွင် စိုက်ပျိုးပါက မြေဘောင်တင်ခြင်းနှင့် မြေဆီဩဇာကျွေးခြင်းကို ပုံမှန်ပြုလုပ်ရမည်ဖြစ်ပြီး အပင်အစိတ်အပိုင်းဥမှ စတင်စိုက်ပျိုးရသောသီးနှံဖြစ်၍ မိခင်ပင်မတွင် ရောဂါကင်းရှင်းပြီး အထွက်ကောင်းသော အပင်မှ နနွင်းပင်မှ အတက်ကိုသာယူ၍ စိုက်ပျိုးသင့်ပါသည်။ အညွန့်ထွက်ပြီး (၄)လကြာလျှင် ဥများဥပြီး အရွက်များ ဝါ၍ခြောက်လာပါက ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။ တစ်ပင်လုံးကိုရိတ်သိမ်းစရာမလိုပါ အတက်များကိုဖဲ့၍ တူးနိုင်ပြီး မိခင်ပင်မကြီးကို နောက်တစ်သီး နောက်တစ်နှစ်စိုက်ရန် မျိုးချန်ထား၍လည်းရပါသည်။
နနွင်းတက်သည် (၆)လမှ (၁)တစ်နှစ်အထိ လေလုံသောအိတ်ထဲတွင် သိုလှောင်သိမ်းဆည်းထားနိုင်ပါသည်။ အအေးခန်းထဲတွင် သိုလှောင်သိမ်းဆည်းပါက ထို့ထက်ကြာအောင် သိုလှောင်နိုင်ပါသည်။ တစ်ဧကလျှင် တန်ချိန် (၂၀)ခန့်အထိထွက်ရှိပါသည်။
နနွင်းကို ဟင်းခတ်အမွေးအကြိုင်အတွက်သာ မဟုတ်ပဲ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန် ပါသည်။ နနွင်းသည် အစာခြေစနစ်ကောင်းမွန်စေခြင်း၊ အရိုးအဆစ်နာကျင်မှုကို သက်သာစေခြင်း၊ သွေးလည်ပတ်မှု ကောင်းစေခြင်း၊ သွေးပိတ်မှုကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း စသည့် များပြားလှတဲ့ ကောင်းကျိုး တွေကိုပါ ပေးစွမ်းနိုင်ပါသည်။
နနွင်းအမျိုးအစား (၇)မျိုးရှိသည်ဟု အာယုဗေဒကျမ်းတွင် လေ့လာသိရှိရပါသည်။(၁) ဟရိဒ္ဒါ = စားနနွင်း (နနွင်းရိုးရိုး)၊ (၂) ဝနဟရိဒ္ဒါ = တောနနွင်း(နနွင်းရိုင်း)၊ (၃) အာမဟရိဒ္ဒါ = သရက်ကင်းဥ၊ (၄) ကာလီဟရဒီ = နနွင်းပြာ၊ (၅) ဓာရုဟရိဒ္ဒါ = သစ်နနွင်း၊ (၆) ဝလ္လီဟရိဒ္ဒါ = နနွင်းနွယ်၊ (၇) တိတ္တဟရဒီ = နနွင်းခါး ဟူ၍ရှိပါသည်။ ဆေးဖတ်ဝင် သည်ဟုဆိုသော ထူးခြားသော နနွင်းများလည်းရှိသေးသည်။ ဆေးဆရာများ အဂ္ဂိရတ်ဆရာများ အသုံးပြုကြသည့် နနွင်းဖြူ နှင့် နနွင်းနတ်တို့လည်းရှိသေးသည်။ ၎င်းတို့သည် လွယ်ကူစွာရှာ၍ မရနိုင်သော နနွင်းမျိုးဖြစ်သဖြင့် ရိုးရိုး နနွင်းထက်တန်ဖိုးကြီးမားပါသည်။ ထို့ကြောင့် နက်၊ ကျော၊ မွေး၊ တောင်၊ ကျီးရာထောင်တွင် တစ်ကောင် အဖြူရခဲဟူ၏ဟု စာဆိုရှိပါသည်။ နနွင်းဖြူမှာ အလွန်ရှားပြီး နနွင်းဖြူနှင့် ဂမုန်းခွက်ပေါက်တို့ကိုတွဲ၍ ပြဒါးဖမ်းရာ တွင် အသုံးပြုသည်ဟုဆိုပါသည်။ နနွင်းနက်သည်လည်း အလွန်ဆေးဖက်ဝင်ပြီး ပျားရည်နှင့်စိမ်၍ ဆေးဖော်စားလျှင် ဆံပင်ဖြူများကိုပင်ပြန်၍ နက်စေသည်ဟုအဆိုရှိကြောင်းလေ့လာသိရှိရပါသည်။
DOCA(ရှမ်း)