တရုတ်နိုင်ငံ၏ တစ်ပတ်ရစ်ကားများတင်ပို့မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး အာရှအလယ်ပိုင်းသည် တင်ပို့မှုအတွက်အဓိကစျေးကွက်တစ်ခုဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းကာဇက်စတန်နှင့် ဆက်သွယ်ထားသော ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်း ဖြစ်သည့် Khogoros Gateway သည် တင်ပို့မှုအတွက် အဓိကအချက်အချာ ဖြစ်လာကြောင်း ရှန်ဟိုင်း အခြေစိုက် တရုတ်အစိုးရမီဒီယာ Yicai Global ၏ဖော်ပြချက်အရသိရသည်။ အစပိုင်းတွင် ကုန်ပစ္စည်းများနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ အစိတ်အပိုင်းများကိုသာ အာရုံစိုက် တင်ပိုခဲ့ပြီး အထူးသဖြင့် ၂၀၂၂ ခုနှစ်တွင် တရုတ်မော်တော်ယာဥ်ထုတ်လုပ်သူများသည် ဥဇဘက်ကစ္စတန် ကဲ့သို့ ဗဟိုအာရှစျေးကွက်များအား စတင်ပစ်မှတ်ထားလာသည့်အချိန်မှစ၍ ဆိပ်ကမ်းမှ တစ်ပတ်ရစ်မော်တော်ယာဉ်များတင်ပို့မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ထို ဆိပ်ကမ်းမှ ကားအစီးရေ ၄၀၀,၃၀၀ တင်ပို့နိုင်ခဲ့ပြီး ကားတင်ပို့မှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းမှာ လုပ်ငန်းသုံးယာဉ်များဖြစ်သည်။ ရထားလမ်းများအပါအဝင် ဆိပ်ကမ်းမှ လုပ်ငန်းသုံးယာဉ် စုစုပေါင်း တင်ပို့မှုမှာ အစီးရေ ၄၀၀,၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကားအစီးရေ ၁၀၀,၀၀၀ ကျော် တိုးလာကြောင်းသိရသည်။ ၂၀၂၃ ခုနှစ် မတ်လတွင် နိုင်ငံတစ်ဝန်း တစ်ပတ်ရစ် ကား တင်ပို့ရောင်းချမှု စတင်လုပ်ဆောင်ချိန်မှစ၍ အာဏာပိုင်များသည် မော်တော်ယာဉ် လွှဲပြောင်းမှတ်ပုံတင်ခြင်းနှင့် လိုင်စင်လျှောက်ထား ခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကိုအဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ပေးခဲ့ပြီး စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် ၎င်းတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အစီအမံများကိုလည်း မိတ်ဆက်ပေးခဲ့ သည်။ ဤကဲ့သို့ တင်ပို့မှုတိုးတက်နေသော်လည်း တရုတ်နိုင်ငံ၏ ကားဟောင်းတင်ပို့ရောင်းချမှု သည် ဂျပန်နိုင်ငံ(အစီးရေ ၁၀၀၀၀၀၀)၊ အမေရိကန်နိုင်ငံ(အစီးရေ ၉၀၀၀၀၀)နှင့် တောင်ကိုရီးယားနိုင်ငံ(အစီးရေ ၅၀၀,၀၀၀) တို့၏ နောက်တွင်ရှိနေသေးသည်။ Guangzhou အခြေစိုက် Global-Ucar Technology သည် တရုတ်နိုင်ငံ၏ အကြီးဆုံးတစ်ပတ်ရစ်ကားတင်ပို့သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ်ကတင်ပို့မှုမှာ ၆၇ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံခဲ့သည်။ တရုတ်ကား ကုမ္ပဏီများသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဈေးကွက်ချဲ့ထွင်နေကြပြီးနိုင်ငံ၏တစ်ပတ်ရစ် ကားတင်ပို့မှုကဏ္ဍသည် ပြည်တွင်းစီးပွားရေးနှင့်နိုင်ငံတကာကုန်သွယ်မှု နှစ်ခုစလုံးကိုပံ့ပိုးပေးကာ စဉ်ဆက်မပြတ် တိုးတက်လာစေရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
DOCA(ရန်ကုန်)