Main menu

မိုးရာသီရဲ့ သဘာဝလက်ဆောင် အင်ဥ ( ခေါ် ) မှိုဥ

Powered by Drupal

             အင်ဥ ( ခေါ် ) မှိုဥသည် မိုးဦးစ ( မေလဆန်းပိုင်း ) အချိန်တွင် အင်ပင်များအောက်ရှိ မီးလောင်ပြင်များအပေါ်တွင် အင်ရွက်ခြောက်များ ဆွေးမြေ့ဖုံးလွမ်းနေသော မြေဆွေးအပေါ်ယံတွင် ပေါက်ရောက်တတ်ပြီး မြေအက်ကွဲကြောင်းများအား ဝါးချွန်များ၊ ဓါးများဖြင့် ထိုးယက်ရှာဖွေရရှိသော မိုးရာသီရဲ့ သဘာဝလက်ဆောင် အင်ဥများသည် လူကြိုက်များသော ရာသီစာအဖြစ် အရသာရှိသော အစားအစာတစ်မျိုးဖြစ်ပါသည်။

              အင်ဥ ( ခေါ် ) မှိုဥသည် အင်ပင်အများဆုံး ပေါက်ရောက်ရာဒေသဖြစ်သည့် ကဘော်ချိုင်ဝှမ်းဒေသ ( တမူးမြို့ ) နယ်တစ်ဝိုက်ကျေးရွာများ၊ ကလေးမြို့နယ်ရှိ အင်ဒိုင်းကြီး၊ အင်ဒိုင်းလေးနှင့် မင်းကင်းမြို့နယ်များရှိ ကျေးရွာများမှ ထွက်ရှိပြီး မြန်မာနိုင်ငံအနှံ့ရှိ အင်ပင်ပေါက်ရောက်ရာဒေသများတွင်ထွက်ရှိကာ ကမ္ဘာ့နိုင်ငံများတွင်လည်း ရှာဖွေတွေ့ရှိနိုင်ပြီး အိန္ဒိယ၊ ထိုင်း၊ ပြင်သစ်၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင်လည်း တွေ့ရှိ ရသည်ဟု လေ့လာသိရှိရပါသည်။

            တမူးမြို့နယ်တစ်ဝိုက်ကျေးရွာများ၊ ကလေးမြို့နယ်ရှိ အင်ဒိုင်းကြီး၊ အင်ဒိုင်းလေးနှင့် မင်းကင်းမြို့နယ်များမှ ထွက်ရှိသော အင်ဥများကို ကားလမ်းများမှ သယ်ဆောင်ပြီး ကလေးမြို့၊ မုံရွာမြို့နှင့် မန္တလေးမြို့များထိပါ တင်ပို့ရောင်းချလျက် ရှိပါသည်။ အင်ဥပေါ်စတွင် အင်ဥကောက်ယူသူများမှ တဆင့်ခံရောင်းချသူများသို့ ဖောက်သည်ပေး၍ နို့ဆီဘူးတစ်ဗူးလျင် ( ၁၀၀၀ ) ကျပ်ဖြင့် ဖြန်းဖြူးရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်း ရောင်းချသူများအနေဖြင့် တစ်ဗူးလျှင် ( ၁၅၀၀ ) ကျပ်နှုန်းဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါသည်။ လှိုင်လှိုင်ပေါ်သောအချိန်များတွင် တစ်ဗူး ( ၅၀၀ ) ကျပ်နှုန်းဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ကြပြီး တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာ မိုးမှန်စပြုချိန်တွင် တွေ့ရှိရပြီး ဇူလိုင်လကုန်ပိုင်း အင်ဥ တုန်းချိန်တွင် ပေါ်စဈေးနှုန်းများအတိုင်း ဝင်ငွေရရှိသော ရာသီစာတစ်မျိုးဖြစ်ပါသည်။

            အင်ဥသည် အပြင်ခွံမဲ၍ အထဲခွဲလိုက်သောအခါ အဖြူရောင်ဖြစ်မည်ဆိုပါက နု၍လတ်ဆတ်ပြီး အရသာကောင်းမွန်ပါသည်။ အထဲတွင် မဲနေမည်ဆိုပါက အင်ဥရင့်နေပြီဖြစ်ပါသည်။ အင်ဥသည် မိုးရေနှင့် ရေထိလျှင်ပုပ်တတ်ပြီး ပလတ်စတစ်အိတ်များ၊ ဖက်များဖြင့် ကြာကြာဖုံးအုပ်ထား၍ မရပါ။ သမံတလင်းများ၊ ဖျာများပေါ်တွင်ဖြန့်ထားပါက ၃ရက်ခန့် အထားခံသည်ဟု သိရှိရပါသည်။ အင်ဥ ရောင်းချသူများအနေဖြင့် အင်ဥသည် တစ်ခါချိန် တစ်ခါလျော့တတ်ပြီး ညသိပ်ထားပါက ပို၍လျော့တတ်ကြောင်း လေ့လာသိရှိရပါသည်။

             အင်ဥသည် မြေအောင်းမှိုတစ်မျိုးဖြစ်သည့်အတွက် ရေစိမ်၍ ရေစင်ကြယ်စွာဆေးရန် လိုအပ်ပါသည်။ အင်ဥကို ကင်စား၊ ချက်စား၊ သုပ်စား၊ ကြော်စား စသည်ဖြင့် အမျိးမျိုး ချက်စားလို့ ရနိုင်ပါသည်။ အင်ဥတွင် မြောက်များစွာသော အဟာရဓါတ်များပါဝင်သောကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါသည်။ အင်ဥစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ဗီတာမင်ဘီ၊ ဗီတာမင်ဒီ၊ ကော့ပါး၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး အသားဓါတ်၊ အမျှင်ဓါတ်၊ သံဓါတ်နှင့် ပိရိုတိန်းဓါတ်များ ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။ ဆီးချိုရောဂါနှင့် ကင်ဆာရောဂါများကို ကာကွယ်ပေးပြီး ဘက်တီးရီးယားပိုးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို ရပ်တန့်စေကာ ကင်ဆာရောဂါနှင့် ဆီးချိုရောဂါများမှ ကာကွယ်နိုင်သည့် အင်တီအောက်စီးဒင့်များ ပါဝင်သည့်အပြင် ရောင်းရမ်းမှုကို လျော့ကျစေပြီး အသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကိုလည်း တားဆည်းပေးနိုင်သည်ဟုလည်း လေ့လာသိရှိရပါသည်။

         အင်ဥသည် မြောက်များစွာသော မှိုအမျိုးအစားများထဲတွင် မှိုအမျိုးအစားအဖြစ်  ပါဝင်သော မြေအောင်းမှို ( Black Truffle ) ဖြစ်သည့်အတွက် ကျန်းမာရေးအကျိုးပြုသော ယူရစ်အက်ဆစ်ဓါတ် ပါဝင်သောကြောင့် လေးဘက်နာရောဂါများ၊ ဂေါက်ရောဂါဝေဒနာရှင်များအနေဖြင့် သတိပြု၍ စားသုံးသင့်သော မှိုတစ်မျိုးဖြစ်ပါသည်။ အစာအဆိပ်သင့်တတ်သူများ၊ သွေးတိုးနှလုံးရောဂါနှင့် ခါးနာခါးကိုက်တတ်သူများအနေဖြင့် ရှောင်ကြဉ်စားသုံးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

            ယခုအခါ အင်ဥများကို ရာသီမရွေးစားသုံးနိုင်ရန်အတွက် အင်ဥဆီသွပ်ဗူးများ ဈေးကွက်အတွင်း ရောင်းချနေသည်ကိုတွေ့ရှိရသည့်အပြင် အချို့မှာ အင်ဥကိုပြုတ်၍ ပါးပါးလှီးကာ နေခြောက်လှမ်း၍ စားသုံးသူများလည်း ရှိပါသောကြောင့် အင်ဥများသည် လူကြိုက်များသော ရာသီစာတစ်မျိုးအဖြစ် အရသာရှိသော အစားအစာတစ်မျိုးဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)