၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့်စင်ကာပူ၏အပြန်အလှန်ကုန်သွယ်မှုသည် စင်ကာပူ ဒေါ်လာ ၃၁.၆၇ ဘီလီယံဖြင့် စံချိန်တင်မြင့်တက်ခဲ့ကြောင်း Vietnam Plus သတင်းဌာန၏ ဇန်နဝါရီလ ၂၇ ရက်နေ့က ဖော်ပြချက်အရ သိရပါသည်။ ဗီယက်နမ်၏ စင်ကာပူသို့တင်ပို့မှုသည် တစ်နှစ်ပတ်လုံး စံချိန်တင်ကြီးထွားခဲ့ပြီး ၁၀ လဆက်တိုက် ၁၅ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူသို့ ဗီယက်နမ်၏ အီလတ်ထရောနစ်ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် မှန်အစရှိသည့် အဓိကပို့ကုန်များနှင့် ဆန်၊ ပင်လယ်စာနှင့် ဟင်းသီးဟင်းရွက် ဆီများ အစရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့မှုမှာ သိသာစွာအားကောင်းခဲ့ကြောင်း သိရပါသည်။ ဒီဇင်ဘာလတစ်လတည်းတွင် အပြန်အလှန်ကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၃.၀၆ ဘီလီယံဖြင့် ၂၀၂၃ ခုနှစ်ဒီဇင်ဘာလထက် ၁၉.၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်နှစ်လုံးတွင် မူ ဗီယက်နမ်သည် စင်ကာပူသို့ စင်ကာပူဒေါ်လာ ၈.၅၈ ဘီလီယံတန်ဖိုး တင်ပို့ခဲ့ပြီး စင်ကာပူ ဒေါ်လာ ၂၃.၀၉ ဘီလီယံတန်ဖိုး တင်သွင်းခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ၃၀.၈ ရာခိုင်နှုန်းနှင့် ၃.၂၄ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ဗီယက်နမ်သည် စင်ကာပူ၏ ၁၁ နိုင်ငံမြောက်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၁၀ နိုင်ငံမြောက်အကြီးမားဆုံး တင်ပို့ ရာဈေးကွက်အဖြစ် ရပ်တည်နေကြောင်း သိရပါသည်။ ထိုအပေါင်းလက္ခဏာဆောင်သည့်ရလဒ် များရှိနေသော်လည်း စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အကြီးအကဲဖြစ်သူ Cao Xuan Thang က အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများတွင် ပထဝီနိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်ရန် အလားအလာများရှိနေသောကြောင့် စင်ကာပူရှိစီးပွားရေးကျွမ်းကျင်သူများသည် ၂၀၂၅ အလာအလာနှင့်ပတ်သတ်၍ သတိထားလျှက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ရုံးသည်လည်း ဗီယက်နမ် မွေးမြူရေးတိရိစ္ဆာန်အသားများနှင့် ဥများ စင်ကာပူဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင် ရေး ကူညီရန် လုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)