ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးကြပြီး သခွားသီးနှံ ကိုလည်း နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ်တွင် ဟင်သီးဟင်းရွက် စိုက်ဧက (၄၈၂၉) ဧကရှိပြီး သခွားစိုက်ဧက ၅၀ ခန့် ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာန စာရင်း အရ သိရသည်။
မျိုးအနေဖြင့် ဒေသမျိုးဖြစ်သည့် ဆင်စွယ်သခွား၊ 999နှင့် H24 မျိုးတို့ကိုစိုက်ပျိုးကြပြီး H24 မျိုးသည် အထွက်နှုန်းကောင်းပြီး လူကြိုက်များသည့် အတွက် ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။ သခွားစိုက်ဧက ၀.၂၅ ဧကအား သခွားမျိုး H24 တစ်ထုတ်ကို ၂၇၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး ၁၀ ထုပ်ခန့် စိုက်ပျိုးရပါသည်။ ဒီဇင်ဘာလဆန်းရက်တွင် စိုက်ပျိုးသော သခွားပင်များသည် ဇန်နဝါရီလ ဒုတိယပတ်တွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ၀.၂၅ ဧကတွင် ငွေကျပ် ၃၀၀၀၀၀/- ကျပ်ခန့် ကုန်ကြကြောင်း၊ အထွက်နှုန်းအနေဖြင့် ၂ရက်ခြားတစ်ခါ အလုံးရေ ၅၀၀မှ ၈၀၀အထိထွက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ခြံတွင်းဖောက်သည်ဈေး တစ်လုံးလျှင် ၈၀ မှ ၁၀၀ ကျပ်အထိရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် ၀.၂၅ ဧကလျှင် ၅၀၀၀၀၀/- ကျပ်ခန့် ရရှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း စားသုံးမှုနှင့် ပုသိမ်၊ ဟင်္သာတ၊ ပြည်မြို့သို့ ဖောက်သည်များမှ တစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သခွားစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)