ပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး အတွင်း၌ ကျောက်ဆည် ၊ စဉ်ကိုင် ၊ မြစ်သား ၊ တံတားဦးမြို့နယ်များတွင် အများဆုံစိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း အနည်းငယ် စိုက်ပျိုးကြကြောင်းသိရှိရသည်။ ပဲမြစ်သည် ပူအိုက်စိုဆွတ်သော ရာသီဥတုကို ကြိုက်နှစ် သက်သောကြောင့်မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးဒေသမှ များစွာထွက်ရှိ ပါသည်။ ပဲမြစ် သည် ပဲစောင်းလျားသီးပင်၏ အမြစ်ဖြစ်ပြီး ပဲမြစ်ပင်မှ သီးသောအသီးကို ပဲမြစ်သီး (သို့) ပဲစောင်းလျားသီးဟု ခေါ်ဝေါ်ကြပါသည်။ ပဲစောင်းလျားသီး အနုကိုပြုတ်ပြီး အတို့အမြုပ် လုပ်၍ သော်လည်းကောင်း ချက်ပြုပ်၍သော်လည်းကောင်း စားသုံးကြသည်။ ပဲမြစ်မျိုးစေ့ နှစ်မျိုးရှိပြီး ရှမ်းပြည်နယ်ထီးလှိုင်နယ်မှလာသော ထီးလှိုင်မျိူးနှင့် ကျောက်မဲ ၊ ပြင်ဦးလွင် နယ်မှလာသော ဘန့်ဘွေးမျိုး (ခေါ်) လားဟူမျိုး (သို့) ဝက်ဝံမျိုးတို့ဖြစ်ပါသည်။ စိုက်ပျိုးရာ ဒေသ ရေမြေအပေါ်မူတည်၍လည်း ပဲမြစ်စားကောင်းမကောင်း ၊ စေးမစေးလည်း ဖြစ်တတ် ပါသည်။ တံတားဦးမြို့နယ် မကျည်းတော ၊ သူငယ်တော်၊ ထန်းလုံးတပ် ၊ အေးကြည်ကုန်း ၊စကားအင်းနယ်မှထွက်ရှိသော ပဲမြစ်များသည် စေးပိုင်ပြီး အလယ်အူတိုင်သေးကာ အရသာကောင်းမွန်သောကြောင့် မကျည်းတောပဲမြစ်သည် နာမည်ကြီးဖြစ်ပါသည်။ ဝါခေါင် တော်သလင်းလများတွင် စတင်စိုက်ပျိုးခဲ့ကြပြီး နတ်တော်ပြာသို ချမ်းအေးသော ရာသီတွင် ထွက်ပေါ်သော်ကြောင့် ဆောင်းရာသီစာလည်း ဖြစ်ပါသည်။ ပဲမြစ်ပြုတ်ကိုဆီ ၊ ဆားနှင့် တို့စားကြသလို ပဲမြစ်ပြုပ်ကို အခွန်နွှာ၍ ထုထောင်းကာ ပဲမြစ်ထောင်းပေါ် မြေပဲဆံ ၊ အုန်းသီး ဆံဖြူး သော်လည်းကောင်း ပဲမြစ်အုန်းနို့ဆန်းလုပ်၍ သော် လည်းကောင်း စားသုံးကြ သောကြောင့် လူကြိုက်များသော အစားအစာ တစ်မျိုးလည်းဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ ပဲမြစ်စတင်ထွက်ပေါ်ချိန်မှစ၍ ယခု အချိန်ထိ ပဲမြစ်အတောင့်အကြီးအသေးပေါ်မူတည်၍ ပဲမြစ်တစ်ပိဿာလျှင် (၄၀၀၀ မှ ၆၀၀၀ )ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ဈေးနှုန်းကျသွားခြင်း တက်သွားခြင်းမရှိပဲ ဈေးကွက် တည်ငြိမ်စွာ ရောင်ဝယ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)