ဆလပ်ရွက်ကို လူမျိုးဘာသာမရွေးစားသုံးကြပြီး လူကြိုက်များသည့် အရွက်တစ်မျိုး ဖြစ်သည်။ အစိမ်းနုရောင်ရှိသည့် ဆလပ်ရွက်ကို တို့စရာအဖြစ်စားသုံးကြသလို အကြော်နှင့် အသုပ်များထဲတွင် တွဲဖက်၍ စားသုံးကြသည်။ ဆလပ်ရွက်သည် စားကောင်းသလို ကျန်းမာရေး အတွက်လည်း ထောက်ကူပေးနိုင်ပါသေးသည်။ စားကောင်းတဲ့ ဆလပ်ရွက်မှာ ရေဓာတ်၊ ပရိုတင်း၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ် ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ သီရာမင်း၊ နီကာဆင်၊ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး၊ ကေ တို့ပါဝင်သည်။ ရေဓာတ်ပါဝင်မှုများတဲ့ ဆလပ်ရွက်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ဆီးချိုရောဂါကို လျော့ချပေးနိုင်ခြင်း၊ ရောင်ရမ်းမှုတွေကို သက်သာ စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးခြင်း၊ စိတ်ဖိစီးမှုပြောလျော့စေခြင်း၊ ကိုယ်အလေးချိန်ထိန်းပေးခြင်း၊ အသားရေ လှပစေးခြင်းနှင့် ဝမ်းမှန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါသည်။
ဆလပ်ရွက်အမျိုးအစား လေးမျိုးရှိ၍ မြန်မာနိုင်ငံတွင် အထုပ်မျိုးနှင့် ရွက်ပြန့် မျိုးဟူ၍ နှစ်မျိုး အစိုက်များသည်။ ရွက်ပြန့်မျိုးကို ပိုအစိုက်များပြီး အနီရောင်၊ အစိမ်ရောင် ဟူ၍ နှစ်မျိုး ရှိသည်။ ဆလပ်ရွက် စိုက်ပျိုးရာတွင် တစ်ဧက မျိုးစေ့ ၁၀၀ ဂရမ်လိုအပ်ပြီး ဆလပ်ရွက် စိုက်ပျိုး သည့်မြေ စိုက်ဘောင်ကို သုံးပေအကျယ်၊ ခြောက်လက်မ အမြင့်ဖော်၍ တစ်ဘောင်နှင့်တစ်ဘောင် ကြား တစ်ပေ၊ တစ်ပေခွဲခန့် ရှိသင့်သည်ဟု လေ့လာသိရှိရပါသည်။ အရွက်အရသာမှာ ခါးသက်သက် ဖြစ်ပါသည်။ ရွက်စား ဆလပ်ကို တစ်လသားတွင် စတင်နုတ်ယူရောင်းချနိုင်ပြီး မြို့နယ်စည်ပင်သာယာဈေးအတွင်း ရောင်းချရာ တွင် ဆလပ်အထုပ်(၁)ပင်လျှင် (၂၀၀)ကျပ် နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)