Main menu

ဈေးကွက်သို့ဝင်ရောက်လာသည့် ပန်းဂေါ်ဖီ(ခေါ်)ပန်းမုန်လာ

Powered by Drupal

ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် ကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ(ခေါ်)ပန်းမုန်လာ အပါအဝင် ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါက အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါအပါအဝင် နာတာရှည် ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်နဲ့ရေဓာတ်ပါဝင်မှု များတဲ့အတွက် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားစေနိုင်ပြီး ဝမ်းမှန်စေတာကြောင့် အစာအိမ်၊ အူလမ်းကြောင်းပြဿနာတွေနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင် ပါတယ်။ ပန်းဂေါ်ဖီမှာပါတဲ့အမျှင်ဓာတ်က ကိုယ်ခံအားကောင်းစေနိုင်သလို နာကျင်မှုတွေကို သက်သာစေနိုင်ပြီး နှလုံးသွေးကြောတွေရဲ့ ကျန်းမာရေးကို များစွာအထောက်အကူ ပြုနိုင်ပါတယ်။

ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်(၁)လအကြာတွင် စိုက်ခင်းထဲသို့ ခွဲ၍ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင်အပင်ရေ (၁၁၀၀၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်းနှင့် စတင် ပျိုးထောင်၊စိုက်ပျိုးသည်မှ (၃)လခန့်ကြာလျှင် အပွင့်များ ခူးဆွတ်ရကြောင်း၊ အောက်တိုဘာလ တွင် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ယခုဇန်နဝါရီလတွင် အပွင့်များ စတင်ခူးဆွတ်ရောင်းချနေပြီဖြစ် ကြောင်းနှင့် စိုက်ခင်းအရောက် လာရောက်ဝယ်ယူမှုများရှိသလို ဈေးထဲအရောက် သွားရောက် ရောင်းချမှုများလည်းရှိကြောင်း မြင်းခြံမြို့နယ်၊ သမုန်းကိုင်းကျေးရွာနေ တောင်သူ ဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ ပန်းဂေါ်ဖီများ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး စိုက်ခင်းအရောက်လာရောက် ဝယ်ယူပါက ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၃၀၀/၁၅၀၀)ကျပ်နှုန်းဝန်းကျင်ရောင်းချရပြီး ဈေးထဲ အရောက် သွားရောက်ရောင်းချပါက အပွင့်ကြီးတစ်ပွင့်လျှင် (၂၀၀၀/၂၂၀၀)ကျပ်၊ အလတ်(၁၇၀၀/၁၈၀၀)ကျပ်၊ အသေး(၁၄၀၀/၁၅၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချရကြောင်း သိရသည်။ စားသုံးသူများအနေဖြင့် ရာသီစာအဖြစ် စားသုံးမှုပြားလျက်ရှိပြီး ပေါ်ဦးပေါ်ဖျား အနေဖြင့် မြင်းခြံမြို့ရှိဈေးများတွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်းနှင့် ပန်းဂေါ်ဖီ စိုက်ပျိုး တောင်သူများ စီးပွားရေးအဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)